ဒီဇင်ဘာ၊၂၀
သံလွင်မြစ်ကမ်းဘေးမှာ နှစ် ၃၀ ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မိုလိုကျိုးတပ်စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီလို့ ကရင်အမျိုးအသားအစည်းအရုံး(KNU) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတတြော်ခရိုင်မြောက်ပိုင်း သံလွင်မြစ်ကမ်းဘေးမှာ နှစ်ပေါင်း ၃၀ ကြာ ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုး တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၄ ရက်က စတင်ထိုးစစ်ဆင်ခဲ့ပေမဲ့ အလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘဲ ဝိုင်းပတ်ပိတ်ဆို့ထားရာကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ်ထိုးစစ်ဆင်ပြီး တပ်စခန်းတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
မိုလိုကျိုးတပ်စခန်းဟာ ကရင်နီပြည်နယ်နဲ့ ထိစပ်နေတဲ့ မူတြော်ခရိုင်နယ်မြေအတွင်းမှာ တည်ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး အဲဒီတပ်စခန်းအောက်ဘက်မှာ စော်ထာ၊ သိမူထာ တပ်စခန်းတို့ ရှိပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က သိမူထာတပ်စခန်းကို သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ KNU က ဆိုပါတယ်။
ဒါ့အပြင်် မိုလိုကျိုး တပ်စခန်းကို သိမ်းပိုက်ပြီး တစ်ချိန်ထဲမှာ စော်ထာတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတယ်လို့ KNU က ဆိုပါတယ်။







