အင်းတော်မြို့တွင် ဖမ်းဆီးခဲ့သည့် ပြည်သူလေးဦးအား စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်

349

 

စက်တင်ဘာ၊ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မှာ လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက ဖမ်းဆီးခံရတဲ့ ပြည်သူ ၄ ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာ စစ်ခုံရုံးကနေ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကိုဇော်မျိုးနိုင်နဲ့ ကိုကျော်သက်တို့နှစ်ဦးက အင်းတော်မြို့ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုတင်မောင်ဝင်းနဲ့ မသီတာဝင်းတို့ ၂ ဦးကတော့ အင်းတော်ကားဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ Indaw Revolution -IR ကတာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။

“အများဆုံးအဖမ်းခံရတဲ့ အကြောင်းပြချက်ကတော့ PDF ကို ထောက်ပံ့တယ်ပေါ့။ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်၊ အကြမ်းဖက်အဖွဲ့မှန်း သိရက်သားနဲ့ သူတို့နဲ့ ပူးပေါင်းပြီးလုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာပေါ့။”လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလိုဖမ်းဆီးတာဟာ PDF ‌တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ အဆက်အစပ်မရှိအောင်၊ အကြောက်တရားဝင်သွားအောင်၊ ပြည်သူတွေနေနဲ့ တော်လှန်ရေးမှာ မပါဝင်လာအောင် ခြိမ်းခြောက်တဲ့သဘောမျိုး ဖြစ်ကြောင်းလည်း အထက်ပါ Indaw Revolution -IR တာဝန်ရှိသူအမျိုးသားက သုံးသပ်ပြောကြားခဲ့ပါတယ်။

ကိုဇော်မျိုးနိုင်ကို ပုဒ်မ ၅၀(ည), ၅၂(က)နဲ့ ကိုတင်မောင်ဝင်းကို ပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ပြီး ကိုကျော်သက်နဲ့ မသီတာဝင်းတို့နှစ်ဦးကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က) နဲ့ ၅၂ (ခ)အရ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။

အင်းတော်မြို့အတွင်း ဩဂုတ်လကနေ စက်တင်ဘာလ ၅ ရက်နေ့အထိ စစ်ခုံရုံးကနေ ပြစ်ဒဏ်ချမှတ်ခဲ့သူ ၁၀ ဦး ထိရှိခဲ့ပြီး ၄ ဦးက သေဒဏ်ချမှတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန် အင်းတော်မြို့အထက် မော်လူးကျေးရွာဘက်ကို ဝန်းသို ၁၁၁ တပ်ကနေ လာတဲ့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေပြီး လမ်းတစ်လျှောက်ကျေးရွာတွေက ပြည်သူတစ်ချို့ကို ပစ္စည်းထမ်း၊ လမ်းပြအနေနဲ့ ခေါ်ဆောင်သွားတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here