ကချင်ပြည်နယ်က KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ စစ်အုပ်စုကြေညာ

21

 

စက်တင်ဘာ၊ ၁၅

ကချင်ပြည်နယ်က မြို့နယ် ၄ မြို့နယ်အပါအဝင် တစ်နိုင်ငံလုံးက မြို့နယ် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်က မနေ့က ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကချင်ပြည်နယ်က မြို့နယ်တွေကတော့ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီမြို့နယ် ၄ မြို့နယ်လုံးဟာ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေပါ။ ဒါ့အပြင် မိုးမောက်နဲ့ မံစီမြို့နယ်ကိုလည်း KIA က သိမ်းပိုက်ထားပါတယ်။

KIO/KIA အနေနဲ့လည်း သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

၂၀၀၈ အခြေခံဥပဒေအောက်ကနေ လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေ တုန်းကတော့ ကချင်ပြည်နယ်မှာ ရွေးကောက်မကျင်းပနိုင်တဲ့ ဒေသတချို့ရှိခဲ့ပေမဲ့ အခုလို မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်တာမျိုး မရှိခဲ့ဘဲ ၁၈ မြို့နယ်လုံးမှာ ပြုလုပ်ခဲ့ပါတယ်။

အခု မြို့နယ် ၄ မြို့နယ်လုံးမှာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေအားလုံးအတွက် စစ်အုပ်စုက ရွေးကောက်ပွဲ မပြုလုပ်တော့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းတိုင်းကတော့ စစ်အုပ်စုဟာ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနဲ့ မိုးညှင်း စုစုပေါင်း မြိုနယ် ၆ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

ကချင်ပြည်နယ်မှာတော့ မြို့နယ် ၁၈ မြို့နယ်ရှိတဲ့အတွက် ကျန်တဲ့ မြို့နယ် ၈ မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လုပ်မလုပ် ဆိုတာကိုတော့ စစ်အုပ်စုက မကြေညာသေးပါဘူး။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကတော့ ကချင်ပြည်နယ်အပါအဝင် ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here