ဒီဇင်ဘာ၊၉
အာဏာသိမ်းစစ်ကောင်စီကို အကျိုးအမြတ်ရအောင် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနဲ့ လက်အောက်ခံအသင်းကို ဖျက်သိမ်းပြီးဖြစ်သလို မလိုက်နာဘဲ ဆက်လက်ဆောင်ရွက်နေတဲ့ အသင်းသား ၄၃ ယောက်ကို အမည်ပျက်လုပ်ငန်းရှင် စာရင်းသတ်မှတ်ပြီးတော့ အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက်ရတာနာလုပ်ငန်းရှင်များအသင်းနဲ့ လက်အောက်ခံ အသင်းခွဲအားလုံးကို စက်တင်ဘာလ ၁၇ ရက်ကစပြီးတော့ ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
ဖျက်သိမ်းခဲ့ပြီးနောက် အဲဒီအသင်းအဖွဲ့တွေမှာ ဆက်လက်ပါဝင်လုပ်ကိုင်နေသလို ပိုင်ဆိုင်မှု ဘဏ္ဍငွေတွေကို ဆက်လက်သုံးစွဲနေတာတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းက ၁၇ ယောက်၊ကျောက်မျက်ရတ နာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) က ၁၃ ယောက်နဲ့ မန္တလေးအသင်းက ၁၃ ယောက်ကို အမည်ပျက်စာရင်းသွင်းတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခု အမည်ပျက်စာရင်း တင်သွင်းထားသူတွေကို အရေးယူမှုတွေ လုပ်ဆောင်မယ်လို့လည်း NUG က ဆိုပါတယ်။
နောက်ပိုင်းမှာ လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေသူတွေအပြင် ထပ်မံလုပ်ကိုင်နေသူတွေကိုလည်း အမည်ပျက်လုပ်ငန်းရှင်စာရင်း သတ်မှတ်မယ်လို့ သတိပေးထားပါတယ်။







