တမူးနဲ့ ဟုမ္မလင်းမြို့ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ အောင်ဇေယျတပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေနဲ့ KIA က တိုက်ခိုက်သိမ်းပိုက်

352

 

ဒီဇင်ဘာ၊ ၁၀

တမူးနဲ့ ဟုမ္မလင်းမြို့ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗျူဟာတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေနဲ့ KIA ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒယ – မြန်မာ နယ်စပ်ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျတပ်စခန်းကုန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်က အထူးတပ်ရင်းနဲ့ ဒေသခံမဟာမိတ်တပ်တွေကနေ လေးရက်ကြာတိုက်ခိုက်ပြီး ဒီကနေ့ မနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လေးရက်အကြာမှာ သိမ်းနိုင်ခဲ့တယ်။ ဒဏ်ရာရတာတော့ ၂၀ ကျော်တယ်(စကစ ဘက်က) ။ တော်တော်များများကတော့ အိန္ဒိယဘက် အခြမ်းက စစ်ရှောင်ရွာတွေဘက်ကို ထွက်ပြေးသွားတဲ့ လူတွေရှိသလို ဟုမ္မလင်းဘက်အခြမ်းကိုလည်း ထွက်ပြေးသွားတဲ့ သူတွေရှိတယ်။” လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိသလို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတာတွေလည်း ရှိခဲ့ပြီးတော့ စစ်ကောင်စီတပ်သား အများပိုင်းကတော့ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီ အောင်ဇေယျတပ်စခန်းကုန်းဟာ ခလရ ၂၂၈ ၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းစန်းထိုင်တဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစခန်းဖြစ်ပြီး အဲဒီစခန်းမှာရှိတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးကိရိယာတွေအပြင် ရိက္ခာတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“လက်နက်ခဲယမ်းတွေ၊ ဗုံးသီးတွေ၊ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိတယ်။ စစ်ပစ္စည်းတွေအပြင် သူတို့ရဲ့ ရိက္ခာတွေ၊ သူတို့ရဲ့ ဆက်သွယ်ရေးပစ္စည်းတွေအဲဒါတွေ သိမ်းဆည်းရမိတယ်။ ဗိုလ်မှူးက ထွက်ပြေးသွားတယ်။” လို့လည်း အထက်ပါ ကာကွယ်ရေးတပ်ဖွဲရဲ့ တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ရက်တွေအတွင်း စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်နဲ့ လေကြောင်းကနေ ဗုံး အလုံးရေ ၁၀၀ ဝန်းကျင်လောက် ပစ်ကူတဲ့ကြားက လေးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးမှု ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်မြောက်ပိုင်း ဟုမ္မလင်းမြို့အနီးမှာရှိတဲ့ အောင်ဇေယျ တပ်စခန်းကုန်းကို ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေဟာ အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးလမ်းမတစ်လျှောက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်တွေကလည်း အဲဒီတစ်ကြောမှာရှိတဲ့ စစ်ကောင်စီစခန်း၊ SNA ရှမ်းနီစခန်းတွေနဲ့ ပျူစောထီးရွာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here