ဒီဇင်ဘာ၊၁၃
မြန်မာလူထုတစ်ရပ်လုံး မျှော်လင့်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်တော့မှ လျစ်လျူရှုသွားမှာမဟုတ်ဘူးလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ပြည်သူတွေကို အသိပေးလိုက်ပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာပြည်သူတွေ စိုးရိမ်ပူပန်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မစိုးရိမ်ကြဖို့လည်း ညီနောင် ၃ ဖွဲ့က ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရတဲ့ မြန်မာပြည်သူ လူထုတစ်ရပ်လုံးက မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ဘယ်သောအခါမှ လျစ်လျူရှု သွားမှာ မဟုတ်တဲ့အပြင် နောက်လှည့်သွားမယ့်သူတွေမဟုတ်ဘူးလို့ အသိပေးထားတာပါ ဖြစ်ပါတယ်။
“မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့်လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” လို့ ညီနောင် ၃ ဖွဲ့က ရေးသားထားတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံရဲ့အကူအညီနဲ့ စစ်တပ်ဟာ MNDAA၊ TNLA၊ AA တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီလိုပြောဆိုမှုအပြီး ညီနောင် ၃ ဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာရပ်တန့်သွားပြီး တော်လှန်ရေးအရှိန်ကျသွားမှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတာပါ။
စစ်ကောင်စီဟာ MNDAA၊ TNLA နဲ့ AA တို့နဲ့တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ အချိန်နဲ့နေရာကို မပြောထားသလို နှစ်ဘက်လုံးကလည်း ဆွေးနွေးပွဲရလဒ်ကို တိတိကျကျမထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ ညီနောင် ၃ ဖွဲ့ကတော့ ဒီနေ့မနက်မှာ “မြန်မာပြည်သူတွေ စိုးရိမ်ပူပန်နေတယ်ဆိုတဲ့ကိစ္စ” လို့ရေးသားပြီး ထုတ်ပြန်ချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူဆယ်၊ နမ့်ဆန်နဲ့ နမ့်ခမ်း၊ ရခိုင်ပြည်နယ်မှာဆိုရင်လည်း မြို့နယ် ၆ မြို့နယ်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူထိခိုသေဆုံးမှုတွေရှိခဲ့တယ်လို့ TNLA နဲ့ AA က အသီးသီးထုတ်ပြန်ထားပါတယ်။







