ဇန်နဝါရီ၊၃
ကချင်ပြည်နယ်၊ချီဖွေမြို့အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေကို ကမ္ဘာစားနပ်ရိက္ခာအဖွဲ့က ပုံမှန်ထောက်ပံ့ပေးနေတဲ့ ထောက်ပံ့ငွေပမာဏအပြင် ထပ်တိုးပြီး ထောက်ပံ့ပေးတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။
အခုလို ထောက်ပံ့ငွေတိုးပေးတာဟာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက်ဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ တိုးမြင့်ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတွေ နေ့စဉ်နဲ့အမျှမြင့်တက်နေချိန်မှာ ထပ်တိုးထောက်ပံ့ပေးတဲ့အတွက်အရင်ကထက် ပိုပြီး ဖူဖူလုံလုံ စားသောက်နိုင်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“အခုလိုမျိုး ကုန်ဈေးနှုန်းက တက်တာနဲ့ ဆိုတော့ သူတို့ပေးတာနဲ့ အရင်ထက်ပိုပြီးလုံလုံလောက်လောက်စားရတာပေါ့။ အရင်ကလည်း မလုံလောက်ဘူးလားဆိုတော့ လုံတော့လုံလောက်တာပေါ့။ ဘယ်သူမဆို ချင့်ချိန်ပြီးတော့ စားရတာပေါ့။ ဒီတစ်ခါတော့ ပိုပြီးတော့
လုံလောက်မှု ရှိသွားတာပေါ့။” လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။
သာမန်စစ်ရှောင်ပြည်သူတွေဟာ အရင်က တစ်ယောက်ကို တစ်လ ၂၅,၀၀၀ ကျပ်နှုန်း ထောက်ပံ့ကြေးရရှိခဲ့ကြတာဖြစ်ပြီး အခုအခါ ၁၁,၀၀၀ ကျပ် (စုစုပေါင်း ၃၆,၀၀၀ကျပ် ) ထပ်တိုးရရှိကြပြီးတော့ ၃၀,၀၀၀ ကျပ်နှုန်း ထောက်ပံ့ကြေးရရှိခဲ့ကြတဲ့ မသန်စွမ်းသူ၊
အမျိုးသား(အိမ်ထောင်သည်) မရှိသူတွေနဲ့ ခက်ခဲတဲ့ မိသားစုဝင်တွေကတော့ နောက်ထပ် ၂၀,၀၀၀ ကျပ်(စုစုပေါင်း ၅၀,၀၀၀ ကျပ်) တိုးမြင့်ထောက်ပံ့ကြေး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ပုံမှန်ရရှိနေတဲ့ ထောက်ပံ့ကြေးအပြင် နောက်ထပ် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးအနေနဲ့ လစဉ် ၂၅,၀၀၀ ကျပ်ကို ရရှိကြတယ်လို့လည်း သိရပါတယ်။
ချီဖွေမြို့က စစ်ရှောင်စခန်း (၁) နဲ့ (၂) နှစ်ခုစလုံးမှာ လူဦးရေအယောက် ၁,၅၀၀ ကျော်ရှိပြီး လက်ရှိအချိန်ထိ ပြန်ခွင့်မရရှိကြသေးတဲ့ ချီဖွေမြို့နယ်အတွင်းက ဝေးလံခေါင်းဖျားတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။
ဓါတ်ပုံ- ချီဖွေမြို့ စစ်ရှောင်စခန်း ၂ မှ ပြည်သူများ။