အာဏာသိမ်းပြီးနောက် ကလေးနဲ့အတူ အကျဉ်းကျနေတဲ့ နိုင်ကျဉ်းမိခင် ၁၅ ယောက်ရှိ

202

 

ဇန်နဝါရီ၊၂

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံရပြီး ကလေးနဲ့အတူ အကျဉ်းကျနေတဲ့ နိုင်ကျဉ်းမိခင် ၁၅ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ သိရပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာ ကလေးနဲ့အတူအကျဉ်းကျနေတဲ့ နိုင်ကျဉ်းမိခင် ၁၅ ယောက်ကို စာရင်းကောက်ယူထားနိုင်ပြီး‌တော့ လသားအရွယ်ကလေးငယ်ကနေ ၃ နှစ် အရွယ်လောက်ထိရှိတယ်လို့ သိရပါတယ်။

အရာရာသင်ယူနေရမယ့်အချိန် ကလေးသူငယ်အရွယ်မှာ အကျဉ်းထောင်ထဲမှာ နေနေရသလို အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုကိုလည်း ခံစားနေရပြီးတော့ နိုင်ငံရေးအကျဉ်းသူမိခင်တွေကို ပြန်လည်လွတ်ပေးဖို့တောင်းဆိုတယ် လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။

” ကလေးငယ်နဲ့ အကျဉ်းထောင်ထဲ တူတူနေရတာအဆင်မပြေကြဘူး။ ပုံမုန် အကျဉ်းသားအကျဉ်းသူတွေတောင်မှ ဖိနှိပ်မှုမျိုးစုံ ခံနေရတဲ့အထဲမှာ ဘာမှအပြစ်ကျုးလွန်ထားခြင်းမရှိတဲ့ ကလေးငယ်တွေက မိခင်နဲ့အတူတူ ခံနေရတယ်။ တချို့ကလေးငယ်တွဆို ယူနီဖောင်းမြင်ရင် ကြောက်တတ်တဲ့ Truma(စိတ်ဒဏ်ရာ) တွေရှိတယ်။ တစ်ခါတစ်ခါ ဝန်ထမ်းတွေက သူတို့စိတ်မကြည်ရင် မကြည်သလို ကလေးတွေကိုဆူတာငေါက်တာ၊ ခေါင်း‌ခေါက်တာမျိုးတွေ လုပ်တယ် “ လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ကျဉ်းမိခင် ၁၅ ယောက်ဟာ မုံရွာထောင်၊သရက်ထောင်၊မကွေးထောင်၊အင်းစိန်ထောင် ၊အိုးဘိုထောင်၊ဒိုက်ဦးထောင်နဲ့ ကျိုက်မရောထောင်တွေမှာ ရှိနေပြီးတော့ ‌ကောက်ခံရရှိနိုင်တဲ့ စာရင်းဖြစ်သလို မြေပြင်မှာ အခုအရေအတွက်ထက် ပိုနိုင်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here