ဩဂုတ်၊၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က စက်သုံးဆီဆိုင်အများစုမှာ ဓာတ်ဆီပြတ်လပ်နေပြီဖြစ်ပြီး လိုသလောက်ဝယ်ယူလို့မရဘဲ တစ်လီတာကို ၃၅၀၀ ဝန်းကျင်ခန့်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။
မနေ့ ဩဂုတ်လ ၁၇ ရက်နေ့က ဓာတ်ဆီတစ်လီတာကို ၂၉၀၀ ကျပ်နဲ့ ဝယ်ယူရှိခဲ့ပေမယ့် ဒီကနေ့ မှာတော့ တစ်လီတာကို ၃၅၀၀ အထိ ရောက်နေပြီဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်းက သွားရောက်တန်းစီဝယ်ယူခဲ့တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
” ကျွန်တော် တပ်ကုန်းနဲ့ စီတာပူနားက ဆီဆိုင်တွေအကုန်လိုက်ကြည့်တာ အကုန်ပိတ်ထားတယ် ။ ကားကြီးကွင်းနားက ဇေယျာမင်းဆီဆိုင်မှာပဲ အကုန်တိုးကြိတ်နေကြတာ ။ ကျန်တဲ့ဆီဆိုင်တွေက မနက်အစောကြီးကတည်းက ဖွင့်ပြီးတော့ ဆီကုန်သွားတာ။ တစ်မြို့လုံးနီးပါးရောက်လာသလိုပဲ ဆိုင်ကယ်တွေအကုန် ပြည့်ကျပ်နေတာ။ “ လို့ဆိုပါတယ်။
တစ်ဖက်မှာလည်း ကချင်ပြည်နယ်က ခွဲတမ်းရရှိထားတဲ့ စက်သုံးဆီတွေ တစ်ပတ်အတွင်း ရရှိလာတော့မှာ ဖြစ်တာကြောင့် စိုးရိမ်စရာမလိုတော့ဘူးလို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြော က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ရှေ့လျှောက်ကတော့ ကျော်လွှားလို့တော့ရမှာပေါ့၊ ဒါပေမယ့် နည်းနည်း စီစီစစ်စစ်နဲ့တော့ ကျွန်တော်တို့ သုံးပြီးတော့ သွားရမှာပေါ့။ အခုချိန်မှာ တစ်ကမ္ဘာလုံးလည်း လောင်စာဆီခက်နေတယ်။ ကျွန်တော်တို့ နိုင်ငံလည်း ခက်နေတာ၊ ချွေချွေတာတာနဲ့ စီစီစစ်စစ်နဲ့တော့ ထပ်ပြီးတော့ သုံးရမယ့်အနေအထားတော့ ရှိပါတယ်။ ဒါပေမယ့်ပြတ်လပ်သွားအောင်တော့လည်း စိုးရိမ်စရာမရှိဘူး လို့ပြောချင်ပါတယ်။”လို့ ဦးခက်ထိန်နန်က ဖြေကြားခဲ့တာပါ။
စက်သုံးဆီယာဉ််တွေဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်က ရန်ကုန်ကနေ ထွက်လာပြီဖြစ်ပြီး အခုအချိန် လမ်းပေါ်မှာ ရှိနေတယ်လို့လည်း ဦးခက်ထိန်နန်က ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီရောင်းဆိုင်တွေက ရောင်းချမှုရပ်တန့်တာတွေ ၊ အကန့်သတ်နဲ့ ရောင်းချတာတွေ တွေ့ရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး စစ်ကောင်စီဖွဲ့ထားတဲ့ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ဗဟိုကော်မတီကနေ ပြီးကတဲ့ရက်ပိုင်းက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဓာတ်ဆီလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်တာမရှိကြောင်း ဝန်ခံထားပြီး နောက်လည်းအလားတူ ဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။
” Transportation မှာ နည်းနည်းလေးအခက်ခဲလေးရှိတယ်။ ကျန်တာက ဆီကပေးနေတယ် လုပ်ပေးနေတယ် ဒါပဲ။ နောက်လည်း ရောက်ဦးမှာပဲ နောက်လည်း ဖြစ်ဦးမှာပဲ ။ သူတို့ကို ဆီအလုံအလောက် ပေးထားတယ်လို့တော့ ပြောမရဘူးပေါ့နော် ။ အတိုင်းအတာတစ်ခုထိက ပေးတော့ ပေးထားပေမယ့်လည်း လုံလောက်မှု မရှိဘူးဖြစ်သွားတာပေါ့ ။ လုံးဝမြင့်တက်သွားတာ ။ တော်တော်များများရှိတဲ့ ဆိုင်တွေကလည်း ကုန်သလောက် အနေအထားဖြစ်သွားတာ။” လို့ ဆိုပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ်က ပြည်သူတချို့ဟာ ဆီဆိုင်ကြီးတွေကနေ တန်းစီဝယ်ယူပြီး လမ်းဘေးမှာ ပြန်လည်ရောင်းချတာတွေ ပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။
အလားတူ မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့မှာလည်း စက်သုံးဆီတွေကို အကန့်သတ်နဲ့ ရောင်းချပေးနေပြီး ဒီကနေ့မနက်ပိုင်းကစပြီး ဆီဝယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ကားတန်းဟာ ၂ မိုင်းနီးပါးရှိတယ်လို့လည်း ဝိုင်းမော်မြို့ခံ တစ်ဦးက ပြောပါတယ်။
ဓါတ်ပုံ- ကားကြီးဝင်းအတွင်းက ဇေယျာမင်း စက်သုံးဆီဆိုင်တွင် တန်းစီဝယ်ယူနေကြစဉ်။







