ပူတာအိုတွင် ခိုကိုးရာမဲ့နှင့် ပိုင်ရှင်မဲ့လူနာများအတွက် ဆောက်လုပ်နေသည့် ပန်းဥယျာဉ်ဂေဟာခြံ ဆောက်လုပ်ပြီးစီးရန် ငွေကြေးလိုအပ်မှုရှိနေ

365

ဇူလိုင်၊၂၈

ခိုကိုးရာမဲ့သူတွေနဲ့ ပိုင်ရှင်မဲ့လူနာတွေအတွက် ရည်ရွယ်ပြီး ပူတာအိုမြို့နယ်၊ မန်ဒိန်အုပ်စု ၊ အလတ်ဒမ်းကျေးရွာမှာ ဆောက်လုပ်နေတဲ့ ပန်းဥယျာဉ်ဂေဟာခြံ ဆောက်လုပ်ပြီးစီးဖို့ ရန်ပုံငွေလိုအပ်မှု ရှိနေတယ်လို့ သိရပါတယ်။

အရေးပေါ်လူနာပို့ဆောင်တာ၊ နယ်လှည့်ဆေးဝါးကုသတာနဲ့ အိမ်တိုင်ရာအရောက် ဆေးကုသတာတွေကို လုပ်ဆောင်နေရတဲ့အတွက် အခုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရန်ပုံငွေ အခက်ခဲရှိလာပြီး ဂေဟာအိမ်ဆောက်လုပ်ပြီးစီးဖို့ အကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့ ပန်းဥယျာဉ် လူငယ်လူမှုကူညီရေးအသင်းတာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ကျွန်တော်တို့လည်း အလုပ်တွေ ဟိုဖက်ဒီဖက် မျှပြီးလုပ်ရတဲ့အခါကျတော့ ဒီဂေဟာပိုင်းမှာ အားနည်းလာတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ အားလုံးလည်း ဝိုင်းဝန်းကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်။” လို့ ဆိုပါတယ်။

ပူတာအိုဒေသကိုရောက်ရှိလာပြီး ဒုက္ခရောက်တဲ့ ဧည့်သည်တွေ၊ ပိုင်ရှင်မဲ့ လူနာတွေနဲ့ ပူတာအိုဒေသက ခိုးကိုးရာမဲ့နဲ့ မသန်စွမ်းသူတွေအတွက် အဓိကမျှော်လင့်ပြီး လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် လောက်ကတည်းက ပန်းဥယျာဉ်ဂေဟာကို စတင်ဆောက်လုပ်ခဲ့တာဖြစ်ပေမဲ့ မပြီးစီးနိုင်သေးတာကြောင့် ကူညီပေးကြဖို့အတွက် အထက်ပါတာဝန်ခံက တောင်းဆိုတာဖြစ်ပါတယ်။

ပန်းဥယျာဉ်လူငယ် လူမှုကူညီရေးအသင်းဟာ အက်ဆီးဒင့်ဖြစ်တဲ့လူနာတွေ၊ အရေးပေါ်ဆေးရုံတက်ရမယ့် လူနာတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ စသဖြင့် အရေးပေါ်လိုအပ်ရင် လိုအပ်သလို ကူညီဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ပြီး ကိုဗစ်ကာလတုန်းကလည်း တစ်ရွာဝင်တစ်ရွာထွက် နယ်လှည့်ဆေးဝါးကုသတာတွေကို လုပ်ဆောင်ခဲ့တဲ့ ပူတာအိုအခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here