ဖေဖော်ဝါရီ၊၇
ချီဖွေ-ပန်ဝါဒေသဘက် သွားမယ့် ခရီးသွားပြည်သူတွေကို ချီဖွေမြို့မရောက်ခင် ရှငေါ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ ဒေသခံကလွဲပြီး ဝင်ခွင့် ထောက်ခံစာမပါတဲ့ ခရီးသွားပြည်သူအားလုံးကို ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။
ဇန်နဝါရီလပိုင်းကနေ စပြီး ချီဖွေ-ပန်ဝါဒေသဘက် အလုပ်လုပ်ကိုင်ဖို့ သွားတဲ့သူတွေနဲ့ ဆွေမျိုးတွေဆီ သွားလည်တဲ့သူတွေကို အထက်ပါ ရှငေါ်ဂိတ်က စစ်ကောင်စီတပ်သားတွေနေ စစ်ဆေးရေးတင်းကျပ်နေတာဖြစ်ပြီး ချီဖွေမြို့အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာပါမှ ဖြတ်ခိုင်းနေတယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ချီဖွေ-ပန်ဝါသွားတဲ့အချိန် ရှငေါ်ကနေ ပြန်လှည့်ခိုင်းတယ်။ တကယ်အဲဒီကို အလုပ်သွားလုပ်တယ်ဆိုတဲ့ ထောက်ခံစာရမှ ဖြတ်ခိုင်းတယ်။ ဒေသခံမဟုတ်ရင် ထောက်ခံစာလိုတယ်။ ချီဖွေသွားဖို့ဆိုရင်တောင် ချီဖွေအုပ်ချုပ်ရေးမှူး ထောက်ခံစာလိုတယ်”လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် အထက်ပါဂိတ်မှာ ခရီးသွားတွေကို မှတ်ပုံစစ်ဆေးတာတွေပြုလုပ်ပြီး မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းဘက်က ၅/မှတ်ပုံတင် ကိုင်ဆောင်သူတွေကိုတော့ လုံးဝဖြတ်သန်းခွင့်မပြုဘူးလို့ ချီဖွေဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ရှငေါ်ရွာဂိတ်မှာသာမက ချီဖွေအထွက် ၄ မိုင်စစ်ကောင်စီဂိတ်စခန်းမှာလည်း စစ်ဆေးမှုတင်းကျပ်နေပြီး ချီဖွေဒေသခံတွေကိုပါ ဖြတ်သန်းခွင့် မပြုဘူးလို့ ဆိုပါတယ်။
” ချီဖွေကလား မေးတယ်။ ဟုတ်တယ်ဆိုတော့ မှတ်ပုံတင်ပြတဲ့။ မှတ်ပုံတင်ပြပြီး ချီဖွေက ဟုတ်တယ်ဆိုပြီး ပြန်ကျော်ခိုင်းတယ်။ ရှငေါ်မှာက ၅/ကိုင်တဲ့သူတွေ မကျော်ခိုင်းဘူး။ ချီဖွေအထွက် ၄မိုင်မှာလည်း ကျော်လို့မရဘူး။ အဲဒီမှာ ဒေသခံတွေတောင် ကျော်လို့မရဘူး”လို့ ချီဖွေဒေသခံက ပြောပါတယ်။
အခုလို ချီဖွေဒေသဘက်ဝင်ရောက်မယ့် ခရီးသွားပြည်သူတွေကို ကန့်သတ်လိုက်တာဟာ လုပ်ငန်းခွင်နဲ့ လူဦးရေမမျှတတဲ့ ပြဿနာတွေကြောင့် အလုပ်လက်မဲ့ဖြစ်သူတွေ ပိုများလာပြီး ခိုးဆိုးလုယက်မှုတွေအပြင် မူးယစ်ဆေးသုံးစွဲသူ ပိုများလာတာကြောင့် ထိန်းချုပ်လိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ အထက်ပါ ခရီးသွားပြည်သူက သုံးသပ်ပြောဆိုပါတယ်။
“လူအရမ်းများလာလို့ လုပ်တဲ့ သဘောရှိတယ်။ ဟိုမှာရောက်ပြီး အလုပ်မရတဲ့ သူတွေများလာတယ်။ ခိုးဆိုး၊ လုယက်မှု၊ ဓားပြတိုက်တွေတာတွေ။ အလုပ်ဆိုက်ဘက်ဝင်မယ့် သူတွေလည်း မခေါ်သေး၊ မဝင်နိုင်သေးတဲ့သူတွေ လေလွင့်ပြီး မူးယစ်ဆေးဝါးသမား ဖြစ်သွားသူတွေ အများကြီး ရှိတယ်”လို့ ပြောပါတယ်။
မန်ဒေါင်ကျေးရွာနဲ့ ခဝမ်ရွာအကျော်က အထက်ပါရှငေါ်ရွာ တံတားထိပ်က စစ်ကောင်စီဂိတ်စခန်းရှေ့မှာ စစ်သား ၅ ယောက်ဝန်းကျင်လောက် ပုံမှန်စောင့်ကြပ်လေ့ရှိတဲ့အပြင် ကုန်းပေါ်မှာလည်း စစ်သားအများအပြား ရှိတယ်လို့ ဆိုပါတယ်။
ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်မှာ စစ်ကောင်စီစစ်တပ်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်နဲ့ KIO/KIA တပ်ဂိတ် စရှိတဲ့ လက်နက်ကိုင်တပ်တွေ ဖွင့်ထားတဲ့ ဂိတ်စုစုပေါင်း ၁၆ ဂိတ်ရှိတယ်လို့ သိရပါတယ်။







