ဒီဇင်ဘာ၊ ၆
နမ့်ခမ်းမြို့နယ်ထဲက စစ်ကောင်စီ မိုင်းဝီးတပ်စခန်းကို မှာသိမ်းပိုက်နိုင်ခဲ့တာကြောင့် တအာင်းပြည်နယ်ထဲမှာ TNLA က သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းပေါင်း ၅၃ ခုအထိ ရှိလာပြီလို့ TNLA က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
မိုင်းဝီးစခန်းကို ဒီဇင်ဘာလ ၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ရက်အကြာ ဒီနေ့မနက် ၁ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ တအာင်းတပ်မတော် (TNLA) က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းကနေ စစ်ကောင်စီရဲ့ ၆၀ မမ လက်နက်ကြီးအပါအဝင် လက်နက် ၁၀ လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့က ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီတုန်းကလည်း ကျောက်မဲမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ် မိုင်းလုံတပ်စခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
အဲဒီစခန်းကို တက်သိမ်းတဲ့အချိန်မှာတော့ စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားထွက်ပြေးသွားခဲ့ပြီး ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက် ၁၃ လက်နဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစခန်း ၂ ခု က စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးထိခိုက်မှုအခြေအနေကိုတော့ TNLA ကော စစ်တပ်ဘက်ကပါ မထုတ်ပြန်သေးပါဘူး။
အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးအင်အားစုတွေက ဒီနေ့အထိ စစ်ကောင်စီရဲ့ စခန်းပေါင်း ၂၀၀ ကျော်ကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိမ်းပိုက်ရရှိထားပါတယ်။







