ရှမ်းမြောက်က နယ်မြေအငြင်းပွားမှုတွေကို ဗဟိုအဆင့်ဆွေးနွေးဖို့လုပ်ဆောင်ပြီး လူထုသဘောထားရယူ ဖြေရှင်းမယ်လို့ ဖော်ပြလာကြတဲ့အပေါ် NUG ကြိုဆို

150

 

မတ်၊၁၄

ရှမ်းမြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ မြေပြင်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အနှစ်ဖက်အဖွဲ့အစည်းတွေအကြား ဗဟိုအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်လို့ ဖော်ပြလာတာ၊ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ရယူမယ်လို့ ဖော်ပြလာတာဟာ အပြုသဘောဆောင်ပြီး ပြည်သူကိုမျက်နှာမူလျက် အရေးကိစ္စတွေကို ဖြေရှင်းကြမယ့် ပြယုဂ်တွေဖြစ်တာကြောင့် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ပြည်သူကို အဓိကထားပြီး တိုင်တည်ဆောင်ရွက်ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ အားလျော်စွာ ပြည်သူကိုမျက်နှာမူတဲ့ နည်းနာတွေနဲ့သာ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်မှာဖြစ်သလို ပြည်သူက လိုလားတောင့်တလျက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ကို အရောက်ချီတက်နိုင်မှာ ဖြစ်ကြောင်းနဲ့ နိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာမှာ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ လိုအပ်သလို ကူညီဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ဆိုထားပါတယ်။

မိမိတို့တော်လှန်ရေး အဖွဲ့ အစည်းအားလုံးဟာ ပြည်သူလူထုရဲ့ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းနေကြသူတွေပီပီ ပြည်သူတွေရဲ့ စိုးရိမ်သောကတွေ လျော့ကျစေဖို့ ဖြေလျော့ဆောင်ရွက်ပေးဖို့လည်း အထူးတာဝန် ရှိတဲ့အလျောက် နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက မိတ်ဖက်ပဋိပက္ခတွေအဖြစ်သာ ရှုမြင်ကြောင်းနဲ့ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြားသိရတဲ့အတွက် အထူးကြိုဆိုတယ်လို့ ထည့်သွင်းဖော်ပြထားတာပါ။

တစ်ဆက်တည်းမှာပဲ အဖက်ဖက်ကအင်အားချိနဲ့ အရေးနိမ့်လျက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီအဖို့ တော်လှန်ရေး အင်အားစုများအကြား သပ်လျှိုသွေးခွဲရေးဟာ ၎င်းတို့ရဲ့ အဓိကဗျူဟာ ဖြစ်လာတယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်ုပ်တို့အားလုံး သတိပြုပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

လတ်တလော ပေါ်ပေါက်သော အောက်ခြေပွတ်တိုက်မှုများမှသည် လူမျိုးရေးအမုန်းတရားဆီ ပြန့်ကျယ်မသွားစေရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။နှစ်ဖက်မျက် နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည် ဟုလည်း နားလည်ပါသည်”လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး KIO/KIA ဘက်ကလည်း ပြည်သူ့သဘောထားရယူပြီး ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်သလို PSLF/TNLA ဘက်ကလည်း ဗဟိုနဲ့ဆွေးနွေးညှိနှိုင်းတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အသီးသီး ပြောဆိုထားကြတာလည်း ဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့တို့ဟာ ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ကချင်အမျိုးသားတွေနဲ့ ပလောင်အမျိုးသားတွေဟာ နယ်မြေချင်းကပ်လျက် အေးအတူပူအမျှ အတူတကွ နေထိုင်လုပ်ကိုင် စားသောက်လာခဲ့ကြတဲ့ အမျိုးသားများဖြစ်ကြောင်းနဲ့ နိုင်ငံရေးခံယူချက်ချင်း တူညီကြကြောင်း အတိအလင်းဖော်ပြထားတဲ့အပြင် တစ်ဖွဲ့၏အကျိုးကို တစ်ဖွဲ့က အားပေးထောက်ခံ သွားမှာသာမက ကူညီရိုင်းပင်းသွားမယ်လို့လည်း စာချုပ်မှာဖော်ပြထားတယ်လို့လည်း NUG က ဆိုပါတယ်။

စာချုပ်ပါ အရေးအကြီးဆုံး မှတ်သားအပ်တဲ့အချက်ဟာ “အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတတ်သည့်မည်သည့် ပဋိပက္ခမျိုးကိုမဆို မိတ်ဖက်ပဋိပက္ခ ဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းသွားမည်” ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ရှမ်းမြောက်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ နှစ်ဖက်တပ်အဖွဲ့ရဲ့ အောက်ခြေတပ်သားတွေကြား မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

KIA ထိန်းချုပ်ရာ တပ်မဟာ ၆ နယ်မြေက ဒီမာဒေသဘက်အပြင် နမ့်အွမ်၊ နမ့်ဖတ်ကာ၊ မုံးဝီး၊ မုံးကိုး စတဲ့ နေရာဒေသတွေဘက်မှာ လက်အောက်ခံတပ်သားတွေ အချင်းချင်း အင်းအားပြ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာပါ။

အငြင်းပွားမှုအတွင်း KIA တပ်သားတွေနဲ့ TNLA တပ်သားတွေ ခိုက်ရန်ဖြစ်ပွားတာ၊ TNLA တပ်သားတွေက KIA တပ်သားတွေကို ထိုးကြိတ်တာအပြင် TNLA ဘက်က KIA ဂိတ်တွေနဲ့ ဆက်ဆံရေးရုံးတွေကို အင်အားနဲ့ ဝင်ရောက်ဖျက်ဆီးပြီး တပ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာကိုလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရှိခဲ့ရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here