အောက်တိုဘာ၊၂၇
ရှမ်းပြည်နယ်အထူးဒေသ(၁)အတွင်းရှိ ပြည်ထောင်စုလမ်းကြီးနှစ်ခုဖြစ် တဲ့ လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတွေကို အရေးပေါ် ပိတ်ပင်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့များကို အမြစ်ပြတ်တိုက်ခိုက်သွားဖို့၊ လောက်ကိုင်မြို့နယ်ရှိ Online Game (ကျဖျင့်) ကုမ္ပဏီများကို တိုက်ဖျက်ဖို့နဲ့ အဲဒီကုမ္ပဏီတွေကို အကာအကွယ်ပေးနေတဲ့ နောက်ကွယ်က အင်အားစုတွေ စစ်အင်အားတို့ချဲ့လာတာတွေကို ဟန့်တားဖို့ အရေးပေါ် ပိတ်ပင်ကြောင်း MNDAA က ထုတ်ပြန်လာတာပါ။
အထက်ပါလမ်းမကြီး ၂ ခုကို ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစ ပိတ်ပင်လိုက်တာဖြစ်ပြီး ဘယ်ယဉ်တန်းမှ ဖြတ်သန်းသွားလာခွင့် ပြုမှာမဟုတ်ကြောင်းနဲ့ မလိုက်နာဘဲ ဖြတ်သန်းခဲ့ရင် ရန်သူရဲ့ သယ်ယူပို့ဆောင်ယာဉ်အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ပြန်ဖွင့်မယ့်အချိန်ကို အတိအကျ ပြောဆိုထားခြင်းမရှိဘဲ ပြန်ဖွင့်မယ့်ရက်စွဲကို ထပ်မံအကြောင်းကြားသွားမယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသတစ်ခွင်လုံး နေရာစုံမှာ ဒီကနေ့မနက်ပိုင်း ၄ နာရီကစတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်တွေ ထိုးစစ်စတင်နေပြီဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။







