ဂါးရာယန်ကျေးရွာက လူငယ်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပြည်သူ့စစ်က ဆဲဆိုထိုးကြိတ်

270

 

အောက်တိုဘာ၊ ၂၇

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က နေရပ်ပြန်ကျေးရွာတစ်ခုဖြစ်တဲ့ ဂါးရာယန်ကျေးရွာမှာရှိတဲ့ အလယ်တန်း ဘော်ဒါဆောင်က အသက် ၁၄ နှစ် ဝန်းကျင်ရှိတဲ့ လူငယ်နှစ်ဦးနဲ့ မိန်းကလေးတစ်ဦးကို လီဆူပြည်သူ့စစ် တပ်သားနှစ်ဦးက ဆဲဆိုထိုးကြိတ်ပြီး နစ်နာကြေး ၅ သိန်းပေးပြီးတော့ ကျေအေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဘော်ဒါဆောင်က ကလေးတွေကို သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ လက်မှုသင်ပေးနေချိန် လွန်ခဲ့တဲ့ ၅ ရက်နေ့လောက်က ရွာအတွင်း ကင်းပုန်းဝပ် လာရောက်နေထိုင်နေကြတဲ့ လီဆူပြည်သူစစ်တပ်သားနှစ်ဦးက ဝင်လာပြီး ထိုးကြိတ်ခဲ့ကြတာဖြစ်တယ်လို့ ဂါးရာယန်ကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

“သူတို့ဆီမှာက ပြန်ခုခံဖို့ သူတို့ရဲ့ ခန္ဓကိုယ်ကို သူတို့ဖာသာသူတို့ ကာကွယ်ဖို့ အစွမ်းစမရှိဘူး။ အရမ်းငယ်သေးတဲ့ သူတွေဖြစ်တယ်။ ပြီးတော့ မေ့လဲသွားတဲ့သူက မိန်းကလေးလည်း ဖြစ်နေပြန်တော့ ဘယ်လိုမှ‌ မခုခံနိုင်ဘူး။ အချက်ပေါင်း ၂၀ ကျော်လောက် ထိုးထားတယ်လို့ ဆိုတယ်။ ပြီးတော့ ကလေးတွေကို ခြောက်လန့်ပြီး လီဆူလို၊ ဗာမာလို ဆဲဆိုပြီး အပြစ်မဲ့ ဝင်ရောက်ထိုးကြိတ်ကြတာ။” လို့ ဆိုပါတယ်။

ထိုးကြိတ်ခံလိုက်ရတဲ့ ယောက်ျားလေးနှစ်ဦးက ခေါင်း၊ ရင်ဘတ်နဲ့ ကျောတွေမှာ ထိုးခံထားရတာဖြစ်တဲ့အတွက် အဆောင်မှာပဲ ဂရုစိုက်ကြည့်ရှုနေတယ်လို့လည်း ဆိုပါတယ်။

အခုလိုအဆောင်နေကလေးတွေ ထိုးခံခဲ့ရဖြစ်စဉ်ကို အထက်ပါ ရပ်မိရပ်ဖတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပြပါတယ်။

“ပြည်သူ့စစ် စစ်သားနှစ်ယောက် အရက်လည်းမူး၊ ဆဲဆိုအော်ဟစ်ပြီး ကျောင်း ဘော်ဒါဆောင်ရှေ့က ဖြတ်သွားဖြတ်လာလုပ်နေရင်းနဲ့ ကလေးတွေစုနေတာမြင်တော့ အဲဒီမှာဝင်ပြီး ကောင်လေး နှစ်ယောက်ကို အရင်ဝင်ထိုး၊ မိန်းကလေးတွေက ကြောက်လို့ အိပ်ခန်းထဲပြေးဝင်ကြချိန် အသက် ၁၄ နှစ်အရွယ်မိန်းကလေးကို ချောင်မှာတွန်းထိုးပြီး ခေါင်း၊ ရင်ဘတ်နဲ့ ကျောတွေမှာ ထိုးကြိတ်၊ အဲဒါကြောင့် ကလေးက အဲဒီမှာတင် မေ့လဲသွားလို့ ကဇူးစစ်တပ်စခန်းက ဆေးမှူးနဲ့အရင် သွားပြတာ ဘယ်လိုလုပ်လုပ် သတိမရလာလို့ အသက်ကယ်ဆေးထိုးပြီး မနေ့က ချက်ချင်း ဆေးရုံပို့လိုက်ရတယ်။”လို့ ဆိုပါတယ်။

ကျေးရွာလုံခြုံရေးနဲ့ ကလေးတွေကို ထိခိုက်အောင်မလုပ်ဖို့အတွက် ကဇူးစစ်ကောင်စီတပ်စခန်းနဲ့ ရွှေညောင်ပင်ကစစ်ကောင်စီတပ်ရင်း (၃၂၁)တို့က တာဝန်ရှိသူတွေအပြင် အုပ်ချုပ်ရေးဆိုဒ်ကလည်း မြို့နယ် ရပ်မိရပ်ဖနဲ့ မြို့နယ်အတွင်းရေးမှူးတို့ကို တင်ပြထားတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အခုလိုပြုလုပ်တဲ့ ပြည်သူ့စစ်စစ်သားတွေရဲ့လုပ်ရပ်တွေကို တာဝန်ယူဖို့နဲ့ အခုလိုဖြစ်စဉ်တွေ နောက်ထပ်ဖြစ်မလာအောင် တာဝန်ယူပေးဖို့အတွက် ပြည်သူ့စစ်တွေကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှာ ဒီနေ့ မနက် ၁၀ နာရီမှာ ပြည်သူ့စစ်က တာဝန်ရှိသူတွေနဲ့ ဂါးရာယန်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖအဖွဲ့၊ ပညာရေးအကျိုးဆောင်အဖွဲ့တွေကို ခေါ်ပြီး ပြည်သူ့စစ် စစ်သားတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဆွေးနွေးမှုအတွင်း ရွာအတွင်းဝင်ရောက်နေထိုင်နေကြတဲ့ လီဆူပြည်သူ့စစ် စစ်ကြောင်းတွေကို ရွာထဲက ထွက်ခွာပေးကြဖို့ပြောဆိုရာ ပြည်သူ့စစ်ရဲ့ တာဝန်ခံတစ်ဦးက အထက်ကိုတင်ပြမယ်လို့ ပြောဆိုခဲ့ကြောင်း ဂါးရာယန်ရပ်မိရပ်ဖက ပြောပြပါတယ်။

ဒါ့အပြင်ပြည်သူ့စစ် စစ်သားတွေဟာ ရွာဒေသခံတွေ အခင်းလုပ်သွားတဲ့အချိန် လမ်းမှာလိုက်တားပြီး ပိုက်ဆံတောင်းတာတွေအထိ ပြုလုပ်လာတဲ့အတွက် ကျေးရွာအတွင်းကနေ ထွက်ခွာပေးကြဖို့ လိုလားကြောင်းဆိုပါတယ်။

ပြည်သူ့စစ် စစ်သားတွေထိုးကြိတ်ခဲ့လို့ မေ့လဲသွားတဲ့ မိန်းကလေးအတွက် နှစ်သိမ့်ငွေဆိုပြီး ငွေကျပ် ၅ သိန်းကိုပေးကာ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်လို့လည်း ဆက်လက်ပြောပြပါတယ်။

အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့ပြီး အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကိုယ့်ရဲဘော်တွေကို ပြည်သူတွေကို သေချာလေးဆက်ဆံဖို့၊ ရန်သူကို ရန်သူလို ဆက်ဆံဖို့၊ ပြည်သူကို ဆိုရင် ကိုယ့်ရဲ့ မိသားစု ညီအစ်ကိုရင်းပမာ ဆက်ဆံဖို့ သေချာလေးမှာထားတယ်ဗျာ။ တစ်ခုတော့ရှိတယ်၊ တစ်ခုခု ပြစ်မှုကျူးလွန်ရင်တော့ ကျနော်တို့ တပ်တွင်းစည်းကမ်းအရ အရေးယူသွားမယ်ဗျာ။” လို့ ဦးရွှေမင်းက ဆိုပါတယ်။

အဲဒီအဆောင်မှာ အလယ်တန်းကျောင်းတက်နေတဲ့ မိန်းကလေး ၁၄ ဦးနဲ့ ယောကျာ်းလေး ၁၆ ဦးရှိပြီး ကျောင်းစာအပြင် လူမှုရေးကိစ္စနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ပြည်သူ့နီတိနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ၊ လက်မှုပညာတွေ၊ ဂီတတွေကိုလည်း အားလပ်တဲ့အချိန်တွေမှာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ရွာအတွင်းဖွဲစည်းထားတဲ့ လုံခြုံရေးအဖွဲ့တွေ အနေနဲ့လည်း ကလေးတွေနေတဲ့ အဆောင်အနီးတစ်ဝိုက် အလှည့်ကျ စောင့်အိပ်တဲ့အထိ လုပ်ဆောင်ပေးကြဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဂါးရာယန်ကျေးရွာဟာ ပြန်လည်ထူထောင်ရေးရွာ ဖြစ်တာကြောင့် ကျောင်းဝင်းခြံစည်းရိုးတွေလည်း လုံခြုံအောင် မခတ်ထားနိုင်သေးတဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ကို ကျေးရွာရပ်မိရပ်ဖက တောင်းဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here