ဇွန်၊၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းက ဥယျာဉ်ပုကျေးရွာနဲ့ ပြချောင်းကျေးရွာကို စစ်ကောင်စီတပ်ဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းတွေကနေ တောတောင်တွေထဲ အခင်းလုပ်ကိုင်နေသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ဇွန်လ ၆ ရက်နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်ကနေ ကျေးရွာအတွင်း လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်နဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ချိန်ထိ အဆက်အသွယ်မရရှိသေးတာကြောင့် အကြောင်းစုံ မသိရှိရသေးဘူးလို့ နီးစပ်သူ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” အဲဒီရွာက လူတွေမနေ့က ဖုန်းမကိုင်ဘူး။ ဒီနေ့ကျတော့ ဖုန်းပြန်ပိတ်သွားတယ် ဘာဖြစ်နေလဲမသိဘူး” လို့ နီးစပ်သူက ပြောဆိုပါတယ်။
အဲဒီဒေသဘက်မှာ စစ်ကောင်စီတပ်တွေကနေ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီးတော့ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားမှုရှိ/မရှိ မသိရဘူးလို့လည်း ဆိုပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကျေးရွာအနီးက တောတောင်တွေမှာ အခင်းလုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို အမျိုးသား/သမီး၊ ကလေးပါမကျန် စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဘက်ကနေ ခေါ်ဆောင်သွားတယ်လို့လည်း နီးစပ်သူဒေသခံက ဆက်လက်ပြောပေမယ့် တိတိကျကျတော့ မသိရှိရသေးပါဘူး။
” တောထဲ၊ အခင်းထဲနေတဲ့သူတွေ ကလေးရော၊ လူကြီးရော အားလုံးခေါ်သွားတယ်တဲ့” လို့ ပြောပါတယ်။
ဒါ့အပြင် မနေ့က ဇွန်လ ၆ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ဘက်ကနေ မဘိမ်းမြို့နယ်ထဲက ရမ်းဘိုကျေးရွာဘက်မှာ ရဟတ်ယာဉ်နဲ့ လှည့်ပတ်ကြည့်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကျေးရွာတွေဟာ အိမ်ခြေ ၃၀၀ ကျော်နီးပါးရှိတဲ့ ကျေးရွာတွေဖြစ်ပြီးတော့ လက်ရှိအချိန်ထိ ကျေးရွာအတွင်းနေထိုင်သူတွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့လည်း သိရပါတယ်။
ပုံဟောင်းအသုံးပြုထားပါသည်။







