ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာများတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

237

ဩဂုတ်၊၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရွာဘက်ဦးတည်လာတာ ကြားကြားခြင်း မိသားစုနဲ့ ပြေးလာတော့ ကျွန်တော်နွားကိုးကောင်ကို ချည်တိုင်က ကြိုးမဖြုတ်ပေးခဲ့ရလို့ စိတ်ပူတယ်ဗျာ။ လွှတ်ထားပြန်တော့လည်း သူများအခင်းဝင်စားနေမှာ စိတ်ပူရတယ်။“လို့ ပုလွေရွှေကျေးရွာက စစ်ဘေးတိမ်းရှောင်လာတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကနေ နေအိမ်တွေကို မီးရှို့နေပြီးတော့ အိမ်မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ်အပျက်ကို ကျောက်ထုံးကြီးကျေးရွာနေ အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။

စျေးလေးရောင်းပြီး အနှစ်နှစ်အလလ ခြစ်ကုတ်စုဆောင်းပြီး တစ်နိုင်တပိုင် တိုက်ပုအိမ်လေး ဆောက်ပြီးတာမှ မကြာသေး။အခုတော့ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့လို့ပါသွားပြီ။ ရင်ထုမနာရူးမတတ် ဖြစ်သွားရရှာပြီပေါ့ဗျာ။” လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

ကသာမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ အင်းဒရန့်၊ ဘုရားကုန်း၊ ဆင်ကုန်း၊ ဘန့်ဘွေကုန်း၊ ပုလွေရွှေ၊ ဒန်းအော့၊ သစ်ဖြူကုန်း၊ကျောက်ထုံးကြီး စတဲ့ ကျေးရွာတစ်လျှောက်က ဒေသခံ ၆၀၀ ကျော်လောက် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျောက်ထုံးကြီးကျေးရွာက ဒေသခံတွေရဲ့ နေအိမ်၂၆ အိမ်၊ အင်းဒရန့်၊ လမ်းဆုံလမ်းဆင်းတစ်လျှောက်ရှိ ဒေသခံတွေရဲ့နေအိမ်စုစုပေါင်း ၄၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီကျေးရွာတွေက ဒေသခံပြည်သူ ၁၆ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတ်ခံရတဲ့အထဲ အချို့ကတော့ အသားလွတ်ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ကြရပြီး အချို့သမီးပျိုနဲ့ အမျိုးသမီးတွေကတော့ စစ်ကောင်စီစစ်ကြောင်းရဲ့ မုဒိမ်းကျင့်သတ်ဖြတ်တာ ခံခဲ့ကြရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတွေဟာ စစ်သင်္ဘော ဆန်တက်ချိန်နဲ စုန်ဆင်းချိန်တွေမှာ အကာအကွယ်ပေးဖို့ မြစ်ကမ်းအနီးတစ်လျောက်က ကျေးရွာတွေမှာ ကင်းပုန်းဝပ်စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းက ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ စစ်သင်္ဘော ၇ စီးဟာ လက်ရှိကသာမြို့၊ သဖန်းကိုင်းရွာက သုဿန်အနီးမှာ ကမ်းကပ်ရပ်နားနေတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here