ကသိုင်းတောင်စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်စိတ်မှူးနှင့် မိသားစုဝင်များအား ကောင်းမွန်စွာ ထိန်းသိမ်းထားဟုဆို

339

 

ဩဂုတ်၊၇

ဒီကနေ့မနက် ဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ်က ကသိုင်းတောင် စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်စိတ်မှူးနဲ့ မိသားစုဝင်တွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ တပ်ရင်း(၆) မှာရှိတဲ့ KIA အရာရှိတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဖမ်းဆီးရမိတဲ့ ဒဏ်ရာရတပ်စိတ်မှူးကို ဆေးကုသပေးနေတဲ့အပြင် မိသားစုဝင်တွေကိုလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး မကြာမီ ပြန်လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့ အထက်ပါ KIA အရာရှိက မြစ်ကြီးနားသတင်းဂျာနယ်ကိုအခုလို ပြောပါတယ်။

“ပြန်လွှတ်ဖို့လည်း လုပ်ထားတယ်။ ကျွန်တော်တို့ရဲ့ စိတ်က ပစ်ခတ်နေတဲ့ စစ်မြေပြင်မှာတော့ ရန်သူပဲ။ ဒါပေမဲ့ ဖမ်းမိရင်တော့ ရန်သူလို မသတ်မှတ်တော့ဘူး။ မိတ်ဆွေလို ဆွေမျိုးသားချင်းလို သတ်မှတ်လိုက်တယ်”လို့ သူက ပြောပါတယ်။

ဒီကနေ့ မနက်တိုက်ပွဲအတွင်း နှစ်ဖက်တပ် ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများခဲ့တယ်လို့ အထက်ပါ အရာရှိက ဆက်လက်ပြောပြပါတယ်။

“အလောင်းတွေလည်း လာမကောက်ကြဘူး။ ဒဏ်ရာရတဲ့သူတွေကို လာမကောက်ကြဘူး။ ထွက်ပြေးသွားကြတယ်။ ဒဏ်ရာရတဲ့ သူတွေကို ကျွန်တော်တို့ ဆေးကုသပေးနေတယ်”လို့ KIAအရာရှိက ဆိုပါတယ်။

နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးမိတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာတော့ မရှိခဲ့ပါဘူး။

ဒါ့အပြင် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာဘက်မှာလည်း ဒီကနေ့ KIA နဲ့ ရှမ်းနီ(SNA) တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး KIA က စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here