ဝှေခါစစ်ဘေးရှောင်တွေ နေရပ်ပြန်ပြီ

303
ဓါတ်ပုံ- ဝှေခါဒေသခံများ စစ်ရှောင်ခဲ့စဉ်။ Credit KBC

 

ဖေဖော်ဝါရီ၊၈

တိုက်ပွဲတွေကြောင့် တစ်လလောက် စစ်ရှောင်ခဲ့ကြရတဲ့ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက ဒေသခံတွေ နေရပ်ပြန်လို့ရပြီးဖြစ်တဲ့အတွက် ကိုယ့်နေရပ်ဒေသကို ပြန်နေကြပြီလို့ သိရပါတယ်။

ဝှေခါကျေးရွာမှာ နယ်မြေတည်ငြိမ်နေပြီ ဖြစ်တဲ့အတွက် စစ်ရှောင်လာကြတဲ့ ဒေသခံတစ်ချို့ပြန်နေကြပြီဖြစ်ပြီး မနက်ဖြန် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ အပြီး ပြန်ကြမှာဖြစ်တယ်လို့ မှော်ရှန်ကျေးရွာ ဘုန်းကြီးကျောင်းက စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီနေ့မှ စပြန်ကြတာပါ။ ခွင့်ပြုတာက သူတို့ တိုက်နယ်ကလည်းခွင့်ပြုတယ်။ အဖွဲ့အစည်းတွေက ဒီနေ့မှ စခွင့်ပြုတာပေါ့နော်။ မနက်ဖြန်တော့ အစုံပြန်ကြမယ်။ ကျွန်တော်တို့ Camp တွေက ပိတ်မယ်။ အေးချမ်းပြီးဆိုတော့ သူတို့ကိုယ့်အိမ်ကိုယ်ရာ ပြန်ချင်ကြပြီလေ’’ လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်က မှော်ရှန်ဘုန်းကြီးကျောင်းမှာ ဝှေခါစစ်ရှောင်ဦးရေ ၄၀၀ ကျော်ရှိပြီး နေရပ်ပြန်နိုင်ဖို့ ကားတွေစီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ပေါ်က ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်လာကြတဲ့ ဝှေခါကျေးရွာက ဒေသခံ ၁,၆၀၀ ကျော်လည်း ကိုယ့်နေရပ် ကိုယ့်ဒေသကို ပြန်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဝှေခါကျေးရွာမှာ စစ်ကောင်စီတပ်တွေမရှိတော့ဘဲ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကနေ တပ်ထိုင်ထားတယ်လို့လည်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here