မတ်၊၁၄
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှာ ရန်ပုံငွေမလုံလောက်တဲ့အတွက် မြန်မာနိုင်ငံအတွင်းက လူဦးရေ တစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ ရပ်ဆိုင်းရတော့မယ်လို့ ဒီနေ့မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဧပြီလကနေစတင်ပြီး မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုတွေနဲ့ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေ တိုးမြင့်လာတာကြောင့် ပြည်သူတွေရဲ့ အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီလိုအပ်ချက် ပိုမိုများပြားလာနေတဲ့ အချိန်မှာမှ အခုလို အထောက်အပံ့ ရပ်ဆိုင်းမှုဖြစ်လာရတာလို့ ဖော်ပြထားပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က “အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်။” လို ပြောကြားထားပါတယ်။
ဒါ့အပြင် WFP အနေနဲ့ကတော့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာ ဆိုပေမဲ့လည်း အကူအညီ တကယ်လိုအပ်နေတဲ့သူတွေဆီ ဆက်လက်ပေးပို့နိုင်ဖို့ ရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးကြောင်းလဲ ဆက်လက် ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အထောက်အပံ့ရပ်ဆိုင်းမှုကြောင့် စားနပ်ရိက္ခာရရှိဖို့ WFP ရဲ့ အထောက်အပံ့ကိုသာ အားထားနေရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်နိုင်မယ်လို့လည်း ဖော်ပြချက်အရ သိရပါတယ်။
အဲဒါကြာင့် ဒီနှစ်မှာတော့ WFP အနေနဲ့ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အသက်ကယ်ဆယ်ရေး ရိက္ခာအထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်လျက်ရှိကြောင်းလည်း သိရပါတယ်။
WFP အနေနဲ့ ဆက်ပြီး ရန်ပုံငွေအသစ်မရရှိပေမဲ့ ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြတဲ့ အသက်ငါးနှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူတွေပါဝင်တဲ့ လူဦးရေ ၃၅,၀၀၀ လောက်ကိုတော့ ကူညီထောက်ပံ့ပေးသွားဦးမှာလို့ ဆိုပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံးနဲ့ အခက်ခဲဆုံးရာသီချိန်ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွက် တွေးမျှော်ပြီး အရေးပေါ်အစီအစဥ်အနေနဲ့ အဲဒီလတွေမှာ စားနပ်ရိက္ခာပြတ်တောက်နိုင်မယ့် လူဦးရေ ၃၀၀,၀၀၀ ကို ပြန်လည်ပြီး အထောက်အပံ့တွေ ပေးအပ်သွားနိုင်ဖို့ ဦးစားပေး ကြိုးပမ်းသွားမယ်လို့လည်း ဖော်ပြချက်မှာပါပါတယ်။
မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ ဒဿမ ၂ သန်းလောက်ဟာ တစ်နေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်မီနိုင်တဲ့ အရေးကြုံနေရတယ်လို့လည်း သိရပါတယ်။
မနှစ်က ၂၀၂၄ ခုနှစ်မှာတော့ လူဦးရေ ၁၃ ဒဿမ ၃ သန်းရှိခဲ့တဲ့အထဲက လူဦးရေ ၂ ဒသမ ၃ သန်းဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေထိ ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။
WFP ရဲ့ စားနပ်ရိက္ခာအထောက်အပံ့ တစ်ခုတည်းကိုသာ မှီခိုနေကြရတဲ့ မိသားစုတွေဟာ ဆက်လက်အသက်ရှင်သန်ရန်တည်နိုင်ဖို့အတွက် ထမင်းအနပ်ရေ လျှော့စားနေရပြီး ပိုင်ဆိုင်မှုတွေကို ရောင်းချနေကြရသလို တချို့က အကြွေးနွံထဲ ရုန်းကန်နေရကြောင်း လေ့လာသိရှိရတယ်လို့လည်း ဖော်ပြပါရှိပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း အခြေအနေတွေ ဆက်လက်ပြင်းထန်ဆိုးရွားနေတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ထပ်ဆောင်းရန်ပုံငွေတွေ ရှာဖွေကြဖို့ မိတ်ဖက်အားလုံးကို WFP က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ထပ်ပြီးလည်း Mr. Dunford က မြန်မာနိုင်ငံရဲ့ အလိုအပ်ဆုံးသောအခြေအနေမှာ မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ရန်ပုံငွေတွေ ထောက်ပံ့ပေးကြရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကတဆင့် ပြောကြားထားပါတယ်။







