ဧပြီ ၂၄
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စခန်းကိုဖျက်ဆီးလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒီကနေ့မနက် ၁ နာရီ လောက်က KIA ကနေ သိမ်းပိုက်လိုက်တာဖြစ်ပြီးတော့ စခန်းကို ဘက်ဟိုးနဲ့ဖျက်ဆီးလိုက်ပြီလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“စစ်ကိုင်း ဘက်ခြမ်း ရှမ်းနီတပ်သားတွေဘက် ပြေးသွားတာ(စစ်ကောင်စီတပ်သားတွေ) ပစ်လည်းပစ်တယ်။ပြေးသွားတာက တချို့ပဲ။” လို့ ဒေသခံက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိသလို တချို့ကတော့ ဆယ်ဇင်း တစ်ဖက်ကမ်းက သံယောဇဉ်ကုန်းဘက်မှာရှိတဲ့ ရှမ်းနီ SNA တပ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဆယ်ဇင်း စစ်ကောင်စီစခန်းကို မနေ့ညပိုင်းက သိမ်းပိုက်ဖျက်ဆီးလိုက်တဲ့နောက် ဒီကနေ့မနက်ပိုင်းမှာတော့ ဘာသံမှမကြားရသေးဘူးလို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။
“စခန်းကတော့ သိမ်းလိုက်ပြီဟုတ်တယ်။မနေ့ညက ဘက်ဟိုးတွေနဲ့ ထိုးဖြိုလိုက်ပြီ။ မနက်အခြေအနေက ဘာသံမှတော့ မကြားရသေးဘူး။ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့် ရဦးမှာ။“
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆယ်ဇင်းစစ်ကောင်စီတပ်နဲ့ တစ်ဖက်ကမ်းက ရှမ်းနီတပ်ကို KIA ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တပ်ဖြန့် ဝိုင်းထားတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆယ်ဇင်းကျေးရွာနဲ့ တစ်ဖက်ကမ်းက SNA တပ်ဘက်မှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့အချိန် စစ်ကောင်စီဘက်က လေယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ စခန်းသိမ်း နောက်ဆက်တွဲအနေနဲ့တော့ ထိခိုက်ကျဆုံးမှုအပြင် စစ်ကိုင်းတစ်ဖက်ကမ်းကို ထွက်ပြေးသွားတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
ဆယ်ဇင်းဒေသခံတွေကတော့ တိုက်ပွဲစတင်ဖြစ်ပွားလာတဲ့ ဧပြီလ ၉ ရက်နေ့ကတည်းကနေ လက်ရှိအချိန်ထိ နီးစပ်ရာ ကျေးရွာတွေက ဆွေမျိုးနေအိမ်တွေမှာ သွားရောက်တိမ်းရှောင် နေရကြတာ ဖြစ်ပါတယ်။







