ပြည်နယ်အစိုးရအဖွဲ့မှ မိုင်ဆပ်ပါ Qurantine Center ၌ Qurantine ဝင်နေသူများအား လှူဒါန်းသည့် အလှူငွေကိုကေအိုင်အိုဖက်က လက်မခံရခြင်းအကြောင်းနဲ့ လူမှုရေးဝန်ကြီး၏ ပြန်လည်ဖြေရှင်းချက်

821

မေ ၂၅

ကချင်ပြည်နယ်အစိုးရမှ လူမှုရေးဝန်ကြီးဦးဆောင်သည့်အဖွဲ့က မေလ ၁၃ ရက်နေ့တွင် ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါ Qurantine Center ၌ Qurantine ဝင်နေသူများအတွက် အစာအဟာရတချို့နှင့် လှူဒါန်းငွေအချို့ကို သွားရောက်ကူညီ ပေးအပ်ခဲ့သည်။

ယင်းသို့ ကူညီပေးခဲ့ခြင်းကို သတင်းမီဒီယာတစ်ခုတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးဇော်ဇော်မှ ကေအိုင်အို Covid-19 ရောဂါကာကွယ်နိမ်နင်းရေးကော်မတီက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကို အကူအညီတောင်းခံခြင်းကြောင့် ကူညီပံ့ပိုးပေးခြင်း ဖြစ်ကြောင်း ဖြေဆိုထားသည်။

ယင်းကြောင့် ကေအိုင်အိုဖက်က Covid-19 ရောဂါကာကွယ်နိမ်နင်းရေးကော်မတီအနေဖြင့် NRPC ကို အကူအညီတောင်းခံခြင်းမရှိခဲ့ကြောင်း မေလ ၁၅ ရက်နေ့မှာ ဦးဇော်ဇော်ဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး အစိုးရအဖွဲ့က လှူဒါန်းငွေ ၅၇ သိန်းကို မေလ ၁၈ ရက်နေ့က ပြန်လည်ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရမှ ကူညီပေးအပ်လှူဒါန်းငွေကို ကေအိုင်အိုအနေနဲ့ ပြန်လည် ပေးအပ်လိုက်သည့်အပေါ် ကေအိုင်အိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနား သတင်းဂျာနယ်သို့ အောက်ပါအတိုင်း ရှင်းပြသည်။
“ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဦးနေဝင်းက လှူဒါန်းသွားတာလက်ခံတယ်။ ဦးဇော်ဇော်ကို ကျွန်တော်က အကူအညီတောင်းတာ မဟုတ်ဘူးလို့ အိတ်ဖွင့်စာပေးခဲ့တယ်။ သတင်းဌာနတွေလည်း သတင်းကို ပြန်ပြင်ပြီးရေးတာမတွေ့ရဘူး။ ဦးဇော်ဇော်ကိုယ်တိုင်လည်း ပြောမှားဆိုမှားတာကို ဝန်ခံတာကို မတွေ့ရဘူး။ ပြီးတော့ ဦးနေဝင်းလာတဲ့အချိန်မှာ ဝိုင်းမော်က ရဲတပ်ဖွဲ့တွေလာခဲ့တယ်။ အစကတော့ ရဲလည်းမလာဘူး။ လုံခြုံရေးရဲလည်း မလာဘူး။ နောက်ပြီးတော့ သတင်းမီဒီယာလည်း မလာဘူးလို့ ပြောထားတာ။ ကျွန်တော်တို့ အစည်းအဝေးတက်နေတဲ့အချိန်မှာ ဝိုင်းမော်က ရဲတပ်ဖွဲ့တွေလာတယ်။ အဲ့ဒါကို ဦးနေဝင်းကဘာမှ ရှင်းပြတာမရှိသေးဘူး။ ဆိုတော့ ကျွန်တော်တို့ ၅၇ သိန်းက လက်ခံဖို့ မသင့်ဘူးလို့ယူဆလို့ ကျွန်တော်တို့ ပြန်အမ်းလိုက်ခြင်းဖြစ် ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသော်လည်း လက်တွေ့လုပ်ဆောင်နေသည့်အချိန်တွင်းအမြတ်ထုတ်ခြင်း၊ အချင်းချင်း အနှောက်အယှက်ပေးခြင်းနှင့် ပြည်သူလူထုမှ အထင်အမြင်မှားသည့်ကိစ္စရပ်မျိုးကို မလိုလားကြောင်းနှင့် ပွင့်ပွင့်လင်းလင်း ပူးပေါင်း ဆောင်ရွက်ရန် လိုလားကြောင်း ဗိုလ်မှူးကြီးဦးနော်ဘူက ဆက်လက်ပြောသည်။

အထက်ပါ ကိစ္စနှင့်ပတ်သတ်၍ ညွန်ကြားရေးမှူးဦး ဇော်ဇော်သည် ပြောရေးဆိုခွင့်မရှိကြောင်း ကချင်ပြည်နယ်အစိုးရမှ လူမှုရေးဝန်ကြီးဦးနေဝင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုသည်။

“ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်မှာရှိတဲ့ Qurantine ဝင်နေသူတွေအတွက် တစ်ယောက်ကို တနေ့၃၅၀၀ စာနှုန်းထားနဲ့ ထောက်ပံ့တယ်။ ဒီဟာကို လည်း ဟိုဘက်က လက်ခံတယ်။ ၅၇ သိန်းပေါ့လေ။ ဒီပြန်လာတဲ့နောက်ပိုင်းမှာ ဘာဖြစ်တာလဲဆိုတော့ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးကနေပြီးတော့ မီဒီယာတစ်ခု voice of malihka news agency မှာ ဖြေလိုက်တဲ့အပေါ်မှာ စိတ်မကောင်းပါဘူး။ ကေအိုင်အိုက အကူအညီတောင်းလို့ သွားတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရဆိုတဲ့ မူဝါဒနဲ့ သွားခြင်းဖြစ်ပါတယ်။ ဦးဇော်ဇော်က ညွှန်ကြားရေးမှူးပဲဖြစ်တယ်။ အစိုးရ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ပါဘူး။ မေလ၁၈ ရက်နေ့မှာ စာနဲ့အတူ ထောက်ပံ့ထားတဲ့ငွေကိုပြန်လည်ပေးအပ်လာတာ ရှိပါတယ်”ဟု ဦးနေဝင်းကပြောသည်။

ယင်းအပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါ ကွာရန်တင်းစင်တာသို့ သွားရောက်မလှူဒါန်းခင်က မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်သတင်းမီဒီယာ ခေါ်မလာရန် သဘောတူထားခဲ့ကြောင်း သိရသည်။

လူမှုရေးဝန်ကြီးဦးနေဝင်း ဦးဆောင်သည့်အဖွဲ့က လည်း သွားရောက်လှူဒါန်းခဲ့သည့်အချိန်တွင် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်လာခြင်းသည် လှူဒါန်းမှုကို လက်မခံသည့် အကြောင်းအရင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း ကေအိုင်အိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ဖြေကြားချက်အပေါ် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာသိရှိထားခြင်း မရှိကြောင်းနှင့် ယင်းသို့ ရဲတပ်ဖွဲ့ပါဝင်လာသည့် အပေါ်မှာလည်း လူမှုရေးဝန်ကြီးဦးနေဝင်းက ယခုကဲ့သို့ ရှင်းပြသည်
“အန်ကယ်တို့ သွားတဲ့အချိန်မှာ ရဲ၊ သတင်းမီဒီယာဘယ်သူ့မှမပါဘူး။ အန်ကယ်တု့ိသွားတဲ့အချိန် ဘာအစောင့်အရှောက်မှမပါဘူး။ ကဇူး ဂိတ်ကျော်ဖို့တောင်မှ မိနစ် ၂၀ လောက်စောင့်ရတယ်။ အန်ကယ့် လုံခြုံရေးက အစထဲက ပါမလာဘူး။ ၁၀ ခွဲလောက်မှာ ရဲတွေရောက်လာတယ်ဆိုတာ ကြားသိရတယ်။ မြင်လဲမမြင်လိုက်ပါဘူး။ ဒါက အန်ကယ်ရဲ့ ကိုယ်ရေးအရာရှိက လာပြောတယ်။ အစည်းအဝေးကပြန်လာပြီး ဒီလိုရဲတွေရောက်လာတာကို ဝန်ကြီးချုပ်ဆီကို စာတင်ပြီးဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဆီကို အစီရင်ခံစာတင်တဲ့ အချိန်မှာလည်း ဒီကိစ္စပါပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလို့ရှိရင် ရှင်းလင်းပါတယ်လို့ ပြောချင်ပါတယ်”ဟု လူမှုရေးဝန်ကြီးဦးနေဝင်းက ပြန်လည်ရှင်းပြသည်။

နှစ်ဦးနှစ်ဖက် တွေ့ဆုံမှုမပြုလုပ်ခင် သဘောတူညီချက်အရ သတင်းမီဒီယာ၊ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှ ခေါ်ယူခဲ့ခြင်း မရှိကြောင်းနှင့် နိုင်ငံရေးအရ အကျိုးအမြတ်ထုတ်ရန် ရည်ရွယ်ခဲ့ခြင်းမရှိကြောင်း ဦးနေဝင်းက ဆက်လက်ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် Covid-19 ကပ်ဘေးရောဂါကို အတူတကွပူးပေါင်းနှိမ်နင်းတိုက်ဖျက်ရန် ရည်ရွယ်ပြီး covid-19 concern & response commitee-kachin နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG တို့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနေဝင်း ဦးဆောင်တဲ့အဖွဲ့နှင့် ကေအိုင်အို Covid-19 ရောဂါကာကွယ်နိမ်နင်းရေး ကော်မတီတို့က ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါကျေးရွာ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here