ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပြိုကျပြီး ရေမဆေးကျောက်ရှာသူတစ်ဦး သေဆုံး

251

 

ဇွန်၊၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊မှော်စီစာကျေးရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ဒီကနေ့မနက် ၈ နာရီအချိန်လောက်က မြေစာပြိုကျတဲ့အတွက် ရေးမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မှော်စီစာကျေးရွာ၊ သာယာကုန်းမှာ ကျောက်တူးနေတဲ့အချိန် မြေစာပြိုကျလာတဲ့အတွက် အမျိုးသားတစ်ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာတဲ့ အမျိုးသားသုံးဦးကိုတော့ ဖားကန့်ဆေးရုံပို့ထားတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အဲမနက်အစောကြီး ထုံးစံအတိုင်း အလုပ်ဆင်းတယ်။ကျင်းဆင်းတော့ မနေ့ညကတည်းကနေ မိုးရွာထားတော့ မြေတွေဘာတွေ အက်နေတာတို့ သူတို့မသိလို့လည်း နေမှာပေါ့။ ကျင်းဆင်း(ကျောက်တူး)ရင်းနဲ့ မြေစာပြိုတယ်လို့ ပြောတယ်။ ကျောက်တူးတဲ့နေတဲ့အချိန် အပေါ်က မြေစာပြိုကျလာတော့ ပိသွားတယ်လို့ ပြောတယ်။လို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီးတော့ သာယာကုန်းကမ်းပါးမှာ ကျောက်တူးနေတဲ့အချိန် မြေစာပြိုလာတဲ့အတွက် မြေစာပိပြီး သေဆုံးသွားတာဖြစ်တယ်လို့လည်း နောက်ထပ်ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ အောင်စုကျော်ကျေးရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပြိုကျတဲ့အတွက် ကျောက်တူးနေတဲ့အမျိုးသားနှစ်ဦး မြေစာပိပြီး သေဆုံးခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ နှစ်စဉ်နှစ်တိုင်း မြေစာပုံနဲ့ကျောက်စိမ်းလုပ်ကွက်ကမ်းပါးတွေ ပြိုကျတာကြောင့် နှစ်စဉ်လူရာနဲ့ချီီ သေဆုံးနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here