မြစ်ကြီးနားမြို့မှာ ဓားထိုးသတ်ခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ၊ ရှမ်းနီတရားစီရင်ရေးအဖွဲ့ဆိုပြီး စာကပ်ထား

242

 

ဇွန်၊၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက် ဓားထိုးအသတ်ခံရထားတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်မှာ ဒီကနေ့မနက် ၆ နာရီခွဲခန့်က အသတ်ခံထားရတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လည်ပင်းမှာ ကြိုးချည်ထားတဲ့အရာလည်း ရှိနေတယ်။ ရင်ဘတ်မှာလည်း ဓားထိုးထားတဲ့အရာလည်း ရှိနေတယ်။ ရှမ်းနီ တရားစီရင်ရေးဆိုတဲ့ စာရွက်လည်း ကပ်နေတယ်။လို့ အထက်ပါ ဒေသခံ အမျိုးသားက ပြောပါတယ်။

အဲဒီအမျိုးသားကို မနက်စျေးသွားစျေးလာ ပြည်သူတွေက တွေ့ရှိခဲ့တာဖြစ်ပြီး မနေ့ညကတည်းက အသတ်ခံထားရတာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပြီးတော့ သေဆုံးတဲ့ရုပ်အလောင်းပေါ်မှာလည်း ရှမ်းနီတရားစီရင်ရေးဆိုပြီး ရေးထားတဲ့စာရွက်ကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရာဒါကောင်း ရပ်ကွက် သင်္ချိုင်းလမ်း လယ်ကွင်းအနီးမှာလည်း ဒီကနေ့ မနက်အစောပိုင်းက ဓားထိုးအသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားနောက်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်

မနေ့ကသတ်ပြီးပစ်ထားလား၊ ဒီမနက်အစောပိုင်းပစ်ထားတာလား မသိဘူး။ ဓားထိုးရာတွေပဲတဲ့။ လည်ပင်းမှာတောင် သုံးလေးချက် ဟုတ်တယ်တဲ့။ ခန္ဓာကိုယ်တွေမှာလည်း အချက်ပေါင်းအများကြီးပဲတဲ့။ ရှမ်းနီတရားစီရင်အဖွဲ့ဆိုပြီး စာရွက်လည်းကပ်နေတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မြစ်ကြီးနားမြို့တွင်းမှာ မကြာခဏဆိုသလို လူသတ်မှုတွေ ဖြစ်ပွားနေပြီး ခိုးဆိုးလုယက်မှုတွေလည်း အရင်ကထက် ပိုမိုဖြစ်ပွားနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here