ဇွန်၊ ၃၀
ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်း ၂ ခုအတွင်း ဧရာဝတီမြစ်ရေဝင်လာတာကြောင့် ဘုရားကျောင်းဝင်းနဲ့ အထက်တန်းကျောင်းဝင်းထဲကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ဒီမနက် ၁၀ နာရီအချိန်လောက်က ရေစဝင်လာတာဖြစ်ပြီး စစ်ရှောင်ပြည်သူ ၉၀၀ လောက် ရွှေ့ပြောင်းရတာဖြစ်တယ်လို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
“အစားအစာနဲ့ ဆေးဝါးလိုအပ်တယ်။ ထမင်းဟင်းကိုတော့ ဘုရားကျောင်းမှာချက်ပြီး ကျွေးမှာဟုတ်တယ်။ ကျောင်းဖွင့်နေတာဖြစ်လို့ ကျောင်းတစ်ထပ်ဆောင်တစ်ခုတော့ နေရာပေးလို့ အဲဒီမှာနေနေတယ်။“လို့ ဆိုပါတယ်။
ဘယ်အချိန် ရေပြန်ကျသွားမလဲဆိုတာ မသိနိုင်တဲ့အပြင် လက်ရှိရွှေ့ပြောင်းနေထိုင်နေတဲ့ အထက်တန်းကျောင်းမှာလည်း ကျောင်းသားများပြီး ကျောင်းခန်းမလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ အချိန်ကြာကြာနေလို့မရတဲ့ အခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းအတွင်းက နေအိမ်တန်းယားတစ်ချို့လည်း ရေစီးကြောင့် မျှောပါသွားပြီလို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ရေကြီးတဲ့အချိန် ရေဝင်ရောက်ခဲ့တဲ့ နေရာဖြစ်ခဲ့ပေမဲ့ သာမန်ရေကြီးချိန် ရေမဝင်တာကြောင့် စစ်ရှောင်စခန်းအဖြစ် နေရာချထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရေမဝင်တဲ့တခြားနေရာကို ပြောင်းရွှေ့ဖို့ဆိုရင် နေအိမ်တန်း၊ ရေတွင်း၊ ရေချိုးခန်း၊ အိမ်သာတွေ ပြန်ဆောက်လုပ်ရမှာ ဖြစ်တာကြောင့် ကုန်ကျစရိတ်နဲ့ အချိန်လိုအပ်ချက်က ချက်ချင်းလုပ်ဆောင်ဖို့ အသင့်မအနေအထားမဟုတ်ဘူးလို့ စစ်ရှောင်စခန်းတာဝန်ခံက ဆက်လက်ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ မတ်လနဲ့ မေလအတွင်းမှာပဲ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့တောင်ဘက်ပိုင်းက တိမ်းရှောင်ခဲ့တဲ့ သူတွေဖြစ်ကြပါတယ်။
ဧရာဝတဝတီမြစ်အထက်ပိုင်းမှာ မိုးရွာသွန်းမှုများတာကြောင့် မြစ်ရေကြီးလာတာဖြစ်ပြီး မြစ်ကြီးနားမြို့အတွင်းက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း ရေဝင်နေပါတယ်။
ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် တိုင်းတာချက်အရ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ် ၁,၂၀၀ စီတီမီတာရဲ့ အောက် ၁,၁၆၇ စီတီမီတာအထိ ရောက်ရှိနေပါတယ်။







