မြစ်ကြီးနား၊ ဇူလိုင် ၂၈
ကချင်ပြည်နယ်အတွင်း လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း စာရင်းထဲတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ထဲမှ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကလွှဲ၍ ဝန်ကြီးချုပ်အပါအဝင် ကျန်ဝန်ကြီးအားလုံး ယှဉ်ပြိုင်မည့် စာရင်းတွင် ပါဝင်လာခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြစ်ကြီးနားမဲဆန္ဒနယ် အမှတ်(၁)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ဖားကန့်မဲဆန္ဒနယ်အမှတ်(၂)၊ လူမှုရေးဝန်ကြီး ဦးနေဝင်းက မြစ်ကြီးနား မဲဆန္ဒနယ်အမှတ်(၂)၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးဇော်ဝင်း တနိုင်းမဲဆန္ဒနယ်အမှတ်(၂)တို့မှာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခုယှဉ်ပြိုင်မည့် ဝန်ကြီးများသည် ယခင် ၂၀၁၅ ခုနှစ်တုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်များတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
စာရင်း ထုတ်ပြန်ချက်အရ လက်ရှိပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်အသီးသီးတွင် တာဝန်ထမ်းဆောင် နေကြသည့် ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် (၃၀)ဝန်းကျင်လည်း ပြန်လည်ပါဝင်ယှဉ်ပြိုင်သွားမည်ကို တွေ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ် ပေါင်း တစ်ထောင်ကျော်နှင့် လာမည့်အထွေထွေရွေးကောက်ပွဲ၌ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကလည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
စည်သူ(မြစ်ကြီးနား)







