ကမ္ဘာ့စစ်တုရင်ခုံပေါ် ရောက်လာတဲ့ ကချင်ဒေသ

34

အတွေးအမြင်

စိုင်းခေ- ရေးသည်

၁၉၇၃ အစ္စရေး-အာရပ်စစ်ပွဲကြောင့် ကချင်ပြည်နယ်ဟာ ကမ္ဘာ့စစ်တုရင်ခုံပေါ်မှာ တဖြည်းဖြည်းနဲ့ အရေးကြီးတဲ့ဒေသ ဖြစ်လာမယ်လို့ တွေးမိဖူးပါသလား။ အဲဒီတုန်းက ဒီလိုအတွေးမျိုး တွေးမိခဲ့ဖူးတဲ့သူ မရှိသလောက် ရှားခဲ့ပါလိမ့်မယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ တကယ်ဖြစ်လာပါပြီ။ ကချင်ပြည်နယ်က ဘာလို့ ကမ္ဘာ့စစ်တုရင်ခုံပေါ် ရောက်လာတာပါလဲ။ ဒီအကြောင်းကို မပြောခင် ၂၀ ရာစုထဲကို ခဏပြန်သွားကြည့်ရအောင်ပါ။

ပထမကမ္ဘာစစ်မတိုင်ခင်တုန်းက ရေနံကို ကမ္ဘာပေါ်မှာ အလုံးအရင်းနဲ့ မသုံးစွဲကြသေးပါဘူး။ တဖြည်းဖြည်းနဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ရေနံဟာ ကမ္ဘာကြီးအတွက် မရှိမဖြစ်အရာ ဖြစ်လာခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရေနံကနေ စက်တပ်ယာဉ်တွေမှာသုံးတဲ့ လောင်စာဆီအဖြစ်သာမက လူသုံးကုန်ပစ္စည်းတွေကစလို့ လမ်းခင်းတဲ့ ကတ္တရာအထိပါ ထုတ်လုပ်သုံးစွဲနိုင်တာကြောင့် ဖြစ်ပါတယ်။

တကယ်တော့ အရှေ့အလယ်ပိုင်းဟာ ကမ္ဘာကြီးအတွက် အခုလို ရေနံကို အဓိကထားထုတ်လုပ်နေတာ ရာစုနှစ်တစ်ခုစာ မရှိသေးပါဘူး။ ဒုတိယကမ္ဘာစစ်အပြီးမှသာ တဖြည်းဖြည်း အလုံးအရင်းနဲ့ ထုတ်လုပ် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၇၃ ခုနှစ် အစ္စရေး-အာရပ်စစ်ပွဲမတိုင်ခင်ထိလည်း ရေနံဟာ နိုင်ငံရေးလက်နက်တစ်ခု မဖြစ်သေးပါဘူး။ ဒါပေမဲ့ စစ်ပွဲဖြစ်တဲ့အချိန်မှာတော့ ရေနံထွက်တဲ့ အာရပ်နိုင်ငံတွေဟာ ဒါကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချခဲ့ပါတယ်။

ဘယ်လိုမျိုးလဲဆိုတော့ အစ္စရေးဘက်က ထောက်ခံတဲ့နိုင်ငံမှန်သမျှကို ရေနံရောင်းချမှု တဖြည်းဖြည်း လျှော့ချခဲ့တာပါ။ အကျိုးဆက်ကတော့ အနောက်နိုင်ငံတွေမှာ ကုန်ဈေးနှုန်းတွေခုန်တက်ပြီး စီးပွားရေး ကျဆင်းမှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အနောက်နိုင်ငံတွေဟာ ရေနံရဲ့စွမ်းအားကိုသိပြီး ၁၉၇၄ ခုနှစ်မှာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ကို စဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ ကနဦး ရည်ရွယ်ချက်ကတော့ ရေနံပြတ်လပ်မှုကို ကာကွယ်ဖို့နဲ့ တခြားစွမ်းအင်အရင်းအမြစ်တွေ ရှာဖွေဖို့ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ IEA ဟာ ပြန်ပြည့်မြဲသဘာဝစွမ်းအင် (Renewable Energy) သုံးစွဲရေးကို အဓိက ဇောင်းပေးလာပါတယ်။ ကမ္ဘာပေါ်မှာလည်း သဘာဝစွမ်းအင်သုံးစွဲရေးနဲ့ ပတ်သက်လို့ အင်နဲ့အားနဲ့ လုပ်ဆောင်လာကြတာ တွေ့နေရပါပြီ။

အဲဒီလို သဘာဝစွမ်းအင်ကို အသုံးချဖို့ဆိုတဲ့အချိန်မှာတော့ မြေရှား(Rare Earth)က အရေးပါလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်ပြည့်မြဲစွမ်းအင်တွေအတွက် လိုအပ်တဲ့ ဘက်ထရီတွေ၊ လေပန်ကာတွေ၊ ဆိုလာတွေနဲ့ သူတို့နဲ့ဆက်စပ်တဲ့ ကွန်ပျူတာဦးနှောက်တွေမှာ သုံးမယ့် အရာတွေကို အခုအချိန်မှာ မြေရှားကနေပဲ အလုံးအရင်းထုတ်နိုင်သေးလို့ပါ။

မြေရှားဆိုပေမဲ့ မြေရှားမှာ ဒြပ်စင်ပေါင်း ၁၇ မျိုးရှိပါတယ်။ အဲဒီ ၁၇ မျိုးထဲမှာမှ ဈေးချိုပြီးပေါတဲ့ မြေရှားတွေကိုတော့ LREE (Light Rare Earth Elements) လို့ခေါ်ပြီး ဈေးကြီးပြီး ရှားတဲ့ မြေရှားတွေကိုတော့ HREE (Heavy Rare Earth Elements) လို့ ခေါ်ပါတယ်။

ပြန်ပြည့်မြဲစွမ်းအင်သုံး ပစ္စည်းတွေ (ဥပမာ EV ကား) တွေကို ပိုပြီးအရည်အသွေး ကောင်းအောင် လုပ်တဲ့အချိန်မှာတော့ HREE က မရှိမဖြစ်ပစ္စည်းပါ။ ဒါ့အပြင် HREE ဟာ စစ်ဘက်သုံးနဲ့ နျူစွမ်းအင်ထုတ်လုပ်ဖို့အတွက်လည်း အရေးကြီးတဲ့အရာဖြစ်နေပါတယ်။

အခုအချိန် HREE တွေ ကမ္ဘာပေါ်က ဘယ်ဒေသမှာ အများဆုံးထွက်နေလဲဆိုတာကို ကြည့်မယ် ဆိုရင်တော့ အဝေးကြီး ကြည့်စရာမလိုပါဘူး။ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ကနေ အများဆုံး ထွက်နေတာဖြစ်ပါတယ်။

မြန်မာကနေ တရုတ်နိုင်ငံထဲ မြေရှားသတ္တုတင်သွင်းမှုဟာ ၂၀၂၁ ခုနှစ်တုန်းက တန်ချိန် ၁၉,၅၀၀ သာ ရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၄၁,၇၀၀ တန်အထိ မြင့်တက်ခဲ့တယ်လို့ Globle Witness ရဲ့ ၂၀၂၄ တုန်းက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ (Global Witness ဆိုတာ သယံဇာတ တူးဖော် ထုတ်လုပ် မှုတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ဖော်ထုတ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။)

နောက်တစ်ချက်က မြန်မာဟာ တရုတ်နဲ့ အမေရိကန် ပြီးရင် ကမ္ဘာပေါ်မှာ မြေရှားထုတ်လုပ်မှု တတိယ အများဆုံး နိုင်ငံဖြစ်သလို မြန်မာကထွက်တဲ့ မြေရှားအများစုဟာလည်း ကချင်ပြည်နယ်ကသာ ထွက်ရှိနေတာပါ။

ဒါ့အပြင် တရုတ်ဟာလည်း မြန်မာကထွက်တဲ့ မြေရှား (HREE) ကို တော်တော်လေး မှီခိုနေရတဲ့ အနေအထား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ ကိုဗစ်ကပ်ဘေးနဲ့ ၂၀၂၂ အာဏာသိမ်းမှု ကြောင့် တရုတ်ဟာ မြန်မာဘက်က မြေရှားတင်သွင်းတာကို ပိတ်ပင်ခဲ့ဖူးပါတယ်။

အကျိုးဆက်ကတော့ ကမ္ဘာ့ဈေးကွက်ထဲ HREE တွေ ဈေးနှုန်း ထိုးတက်သွားတယ်လို့ Global Witness ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်း HREE တူးဖော် ထုတ်လုပ်မှု ခွဲတမ်းထက် ၂ ဆ ကျော် ပိုများတယ်လို့လည်း Global Witness က ဆိုပါတယ်။

ဒါကြောင့် ၂၀၂၃ ခုနှစ်ကစလို့ တရုတ်ဟာ HREE အတွက် အစားထိုး အရင်းအမြစ်တွေအဖြစ် လာအိုနဲ့ မလေးရှားတို့ကနေ တူးဖော်တင်သွင်းခဲ့ပေမဲ့ စုစုပေါင်းပမာဏဟာ မြန်မာနိုင်ငံနဲ့ယှဉ်ရင် တော်တော် နည်းတယ်လို့ Globle Witness က ရေးသားထားပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်ဟာ ကမ္ဘာ့မြေရှား တင်ပို့မှုအများဆုံးနိုင်ငံဖြစ်နေသေးသလို မြေရှားကို သန့်စင်တဲ့ နေရာမှာလည်း ကမ္ဘာ့ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပါတယ်။

ဒါပေမဲ့ ကမ္ဘာ့မြေရှားဈေးကွက်ကို ထိန်းချုပ်ထားတဲ့ တရုတ်တောင်မှ ကချင်ပြည်နယ်ရဲ့ HREE ထုတ်လုပ်မှုကို မှီခိုနေရတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယဟာ ပထဝီနိုင်ငံရေးအရ အရေးပါလာတဲ့ HREE ထွက်တဲ့ ကချင်ပြည်နယ်နဲ့ ဆက်သွယ်နိုင်ဖို့ ဒုတိယကမ္ဘာစစ်တုန်းက ကချင်ပြည်နယ်ကို ဖြတ်ပြီးဖောက်ခဲ့တဲ့ အိန္ဒိယ-မြန်မာ-တရုတ် သုံးနိုင်ငံဆက် လီဒီု လမ်းမကြီးကို ပြန်အသက်သွင်းဖို့ လုပ်နေပါပြီ။

ဒါ့အပြင် ကချင်ပြည်နယ်က မြေရှားနမူနာတွေကို အိန္ဒိယထဲယူပြီးတော့ စမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်ဟာ ၁၉၇၃ အစ္စရေး-အာရပ်စစ်ပွဲက စရိုက်ခတ်ခဲ့တဲ့ ရေနံဂယက်ကြောင့် အခုအချိန်မှာတော့ ကမ္ဘာစစ်တုရင်ခုံပေါ်ကို ရောက်မှန်းမသိ ရောက်လို့လာနေပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here