ပူတာအိုဒေသမှာ အလွန်အကျွံ ရွှေတူးဖော်နေပြီး ရွှေထွက်ရှိရာ အမျိုးသားဥယျာဉ်အပါ ထိန်းသိမ်းတောဧရိယာတွေမှာပါ ရွှေတူးဖော်နေ

26

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသမှာ အလွန်အကျွံရွှေတူးဖော်နေပြီး ရွှေထွက်တဲ့အမျိုးသား ဥယျာဉ်တွေအပြင် ထိန်းသိမ်းတောဧရိယာတွေအထိပါ တူးဖော်လာကြပါတယ်။

အရင် NLD အစိုးရ လက်ထက်မှာ တားမြစ်ထားတဲ့ ထိန်းသိမ်းရေးဧရိယာတွေဖြစ်တဲ့ သစ်တောဧရိယာတွေကအစ ဒေသခံအစုအဖွဲ့ပိုင်သစ်တော(CF) ဧရိယာတွေမှာလည်း ရွှေတူးလိုက်ကြပြီး အရင်က လုံးဝရွှေမတူးခဲ့တဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှာတောင် အခုက ရွှေတူးလိုက်ကြပြီ။”လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။

၅ နှစ်တာကာလအတွင်း အရင်က ထိန်းသိမ်းတောဧရိယာဖြစ်တဲ့ ထီခကြိုပြင်ကာကွယ်တော၊ ဖုန်ကန်ဘေးမဲ့တော၊ မုန်လန်ဒီကြိုပြင်ကာကွယ်တော-စတဲ့နေရာတွေက ရွှေထွက်တဲ့မြေနေရာတွေမှာ မရှိသလောက် ဖြစ်သွားပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မလိခချောင်းတစ်လျှောက် မချမ်းဘောနဲ့ ကောင်းမူလုံကြားမှာရှိတဲ့ သဲသောင်ပြင်မှာလည်း ရွှေတူးဖော်လိုက်ပြီလို့ ပြောပါတယ်။

ထိန်းသိမ်းတောဧရိယာအတွင်းတွေမှာလည်း ဝင်ရောက်တူးဖော်နေကြပြီဖြစ်တဲ့အပြင် တခြားလယ်ယာမြေတွေနဲ့ စိုက်ပျိုးမြေနေရာအများစုကိုလည်း လုပ်ငန်းရှင်တွေဟာ မြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းဝယ်ယူထားပြီဖြစ်တာကြောင့် ရွှေမတူးတဲ့နေရာ မရှိသလောက်ရှားသွားပြီလို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

မလိခကမ်းဘေးတစ်လျှောက်ကတော့ အကုန်လုံးတူးလိုက်ပြီ။ စားကျက်မြေတွေလည်း အကုန်တူးလိုက်ပြီ။ ရွှေထွက်ပေမဲ့ အခုမတူးသေးတဲ့နေရာတွေတောင်မှ လုပ်ငန်းရှင်တွေဝယ်ထားနှင့်ပြီးသားအခြေအနေကို ရောက်သွားပြီ။”

အရင်က ရွှေတူးဖော်ခွင့်တွေကို စစ်ကော်မရှင်တပ်က ဗျူဟာမှူးကိုယ်တိုင် ခွင့်ပြုပေးခဲ့ပြီး ပူတာအိုကို ဒု-တိုင်းမှူးရောက်ရှိလာချိန်မှာတော့ ရွှေတူးဖော်သူတွေကို ဖမ်းဆီးခဲ့တာကြောင့် လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

ရွှေတူးဖော်ခွင့်တွေကို စစ်တပ်ဘက်ကသာမက အုပ်ချုပ်ရေးဆိုက်ဘက်ကလည်း မချပေးပေမဲ့ ပြည်သူ့စစ်တွေကတော့ အခွင့်ကောင်းယူ အခွန်ကောက်ပြီး တူးဖော်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ပိတ်သိမ်းတဲ့နေရာတော့ မရှိပါဘူး။ ပြည်သူ့စစ်တွေက ဘတ်ဟိုးဆိုက်တစ်ဆိုက်ကို တစ်လကို သိန်း ၂၀၀၊ ၂၀၀ ကျော်ထည့်ခိုင်းပြီး သူတို့က ဆက်တူးခိုင်းတယ်။ တစ်လကို ၁၅ ရက်၊ ရက် ၂၀ လောက်ပဲ တူးခွင့်ရကြတယ်။ လူကြီးခရီးစဉ်ရှိတဲ့ရက်တွေမှာ နားကြရလို့။ အစားထိုးရက်လည်း ပြန်မပေးတော့ လုပ်ငန်းရှင်တွေက အခက်အခဲကြုံရတယ်လို့ ပြောတယ်။”

အဲဒီလိုအခက်အခဲကြောင့် ရွှေတူးဖော်သူတွေဟာ ဒေသအတွင်းက ရွှေထွက်တဲ့နေရာတွေဘက်ကို  ဈေးအဆမတန်ပေးဝယ်ပြီး ရွာလုံးကျွတ် တူးဖော်တာတွေရှိလာတာကြောင့် ဒေသခံတချို့ ပြောင်းရွှေ့တာတွေရှိလာတယ်လို့လည်း သိရပါတယ်။

ရွှေမှော်မှာ အခွန်ကောက်အရမ်းများလို့ အားလုံးထွက်ပြေးတယ်။ လုပ်ငန်းရှင်တွေ၊ ရွှေတူးတဲ့သူတွေ အားလုံးထွက်ကြတာလေ။ မလိခအောက်ဘက်ပိုင်း KIA ထိန်းချုပ်ဧရိယာဘက် ပြေးတဲ့သူတွေ ပိုများနေကြတယ်။  အဲဒါကြောင့် လုပ်ငန်းရှင်တွေကို စစ်တပ်ဘက်က လိုက်နေကြတယ်။”

ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ရွှေတူးဖော်သူတွေကို အခွန်ကောက်တဲ့အပြင် ကိုယ်တိုင်လည်း အထင်ကရနေရာဖြစ်တဲ့ နတ်ကျွန်းရှိတဲ့ မုန်လန်ချောင်းဆုံအောက်နားမှာသာမက နန်ဆဘွမ်နဲ့ မြို့ဧရိယာနဲ့ဝေးတဲ့နေရာတွေမှာ နားလည်မှုတွေနဲ့ ဆက်လက်တူးဖော်နေကြတယ်လို့လည်း သိရပါတယ်။

ပူတာအိုဒေသမှာ စပါးအထွက်နှုန်းအကောင်းဆုံးလယ်ကွင်းဖြစ်တဲ့ မုန်လန်ချောင်းတစ်လျှောက်နဲ့ အနီးက လယ်ကွင်းကိုတောင်မှ ပြည်သူ့စစ်နဲ့လုပ်ငန်းရှင်တွေပူးပေါင်းပြီး ရွှေတူးဖော်လိုက်ကြပြီဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

အာဏာသိမ်းပြီး နှစ်ကာလအတွင်းမှာ ရွှေတူးဖော်မှုဟာ အများဆုံး၊ ဆိုးဆိုးရွားရွား ဖြစ်သွားပြီ။ ထိန်းသိမ်းဧရိယာပါမကျန်၊ မချမ်းဘောက ထရမ်ဒမ်အုပ်စု၊ နန်ခမ်းအုပ်စုက ပုံစံ(၇)ရထားတဲ့ လယ်ယာမြေတွေကိုလည်း တစ်ဧကကို သိန်း ၁,၀၀၀ ကျော်ပေးပြီး လုပ်ငန်းရှင်တွေက ဝယ်တူးလိုက်ကြပြီ။ ဌာနဆိုင်ရာက တူးခွင့်ပြုသလို ဖြစ်သွားတယ်ပေါ့။”

ပူတာအိုမြို့နယ်က နန်ဖော့အုပ်စု၊ မန်ဆဲအုပ်စု၊ ဖတ်မာအုပ်စု၊ မုန်လန်ရှီဒီးအုပ်စု အစရှိတဲ့ ထိန်းသိမ်းရေးဧရိယာတွေ၊ အိမ်ခြံမြေတွေ၊ နန်ခမ့်ကျေးရွာအုပ်စုရဲ့ ရွာမြေ ၃ ပုံ ၂ ပုံဟာ လုပ်ငန်းရှင်တွေ လက်ထဲရောက်ရှိသွားပြီဖြစ်ပြီး အားလုံးကို ရွှေတူးဖော်လိုက်ကြပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အစိုးရက ဝမ်းစာဖူးလုံရေးအစီအစဉ်နဲ့ လယ်ကွက်ဖော်ပေးထားတဲ့ လယ်ကွင်းတွေအားလုံးကိုလည်း လုပ်ငန်းရှင်တွေကဝယ်ယူပြီး ရွှေတူးဖော်လိုက်ကြပြီဖြစ်တယ်လို့လည်း ပူတာအိုဒေသခံတွေက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here