လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆေးဝါးဈေးမြင့်တက်နေပြီး အလွယ်တကူရရှိဖို့ ခက်ခဲနေတဲ့အကြောင်းကိုလည်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ ဆေးဝါးတွေဟာ ရန်ကုန်မြို့ထက် ဈေးပိုမြင့်ပြီး ပစ္စည်းအစုံအလင်မရှိသလို လက်ရှိ မြစ်ကြီးနားမှာ ဆီးချို၊ သွေးချို၊ သွေးတိုးနဲ့ဆိုင်တဲ့ ဆေးတွေရဖို့ခက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
“ဈေးတွေကတော့တက်တယ် ဒီမှာလည်း။ ဆေးမစုံဘူး။ ဆေးက မြစ်ကြီးနားမှာ ပိုဈေးကြီးတယ်။ တချို့ဆိုင်တွေမှာက ဆေးကို သူတို့လိုသလောက် မရောင်းပေးဘူး။ တချို့ငွေကြေးရှိသူတွေက သုံးလေးလအတွက်ဆိုပြီး ဝယ်တာတွေကို မပေးဘူး။ လက်လုပ်လက်စားတွေအတွက်လည်း စဉ်းစားပေးတဲ့သဘောမျိုးထင်တယ်။ “ လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှာဆိုရင် လိုအပ်တဲ့ဆေးတွေ ရှာမရဖြစ်ခဲ့ပြီး ငွေရှိရင်တောင် ဆေးမဝယ်စားနိုင်တဲ့အထိ ကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က တခြားကျေးလက်ဒေသတွေဘက်မှာလည်း ဆေးပြတ်လပ်မှုတွေရှိနေပြီး ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်ဒေသဘက်ဆိုရင် ဆေးရောက်ဖို့လည်းခက်တယ်လို့ ကြားသိရကြောင်း ဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ဆေးပစ္စည်းပြတ်လပ်မှုတွေပါရှိနေပြီး ဈေးတွေလည်း ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြား မြင့်တက်လာနေတယ်လို့ မြစ်ကြီးနားက ဆေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း ပြောပါတယ်။
“တိုင်းရင်းဆေးရော အင်္ဂလိပ်ဆေးတွေရော အကုန်တက်တယ်။ အခုဆို ကုမ္ပဏီတွေမှာလည်း ပစ္စည်းတော်တော်များများပြတ်တယ်။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့်ပေါ့နော်။ တချို့ထုတ်ကုန်တွေဆို လုံးဝ ပြတ်နေတာ ဟုတ်တယ်။ အရေးကြီးတဲ့ဆေးဆို လုံးဝဝယ်လို့မရတာတွေရှိတယ်။ ဒီဆိုင်မှာဒါရှိရင် နောက်တစ်ဆိုင်မှာ အဲဒါပြတ်နေပြီ။ အရင်လိုမျိုး မဟုတ်တော့ဘူး။ အခက်ခဲတွေ အများကြီးပဲ။”
လမ်းပန်းဆက်သွယ်ရေးအပြင် စက်သုံးဆီဈေးတက်တာကြောင့်လည်း တက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေဘက်က ဆေးဝါးတွေမှာယူရင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပစ္စည်းပျောက်ပျက်တာတွေ ခဏခဏ ရင်ဆိုင်ရတဲ့အပြင် မြစ်ကြီးနားမှာ ဆေးဝါးတွေ တစ်ဆင့်ပြန်ဝယ်မယ်ဆိုရင်တောင် အရင်လို ကိုယ်လိုချင်သလောက်ဝယ်လို့ မရတော့တာကြောင့် မြို့ထဲပတ်ပြီး ရှာဝယ်ရတယ်လို့လည်း ပြောပါတယ်။
ကျောက်ကပ်အစားထိုးပြီးနောက် သောက်သုံးရတဲ့ဆေးဝါးတွေလည်း ဒီတလော ရန်ကုန်မှာတောင် ဝယ်ယူဖို့ခက်ခဲနေပြီး လိုအပ်တဲ့ ကျောက်ကပ်အားကောင်းဆေးတောင် သုံးစွဲနိုင်တာမရှိဘူးလို့ ရန်ကုန်မှာ ဆေးစစ်ဖို့ရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ဆေးတွေက အရမ်းဈေးတက်တယ်။ တက်တာထက် ဝယ်ဖို့တောင် အရမ်းခက်တယ်။ ပြီးခဲ့တဲ့ အချိန်တွေက ဆေးတွေဝယ်လို့ ရသေးတယ်။ ဒီတလောပိုပြီးမှ ဆေးဝယ်ဖို့ အရမ်းခက်သွားတာ။ ဆေးဆိုင်ကြီးတွေမှာ လိုက်မေးလည်း မရှိဘူးဆိုပြီး ကုန်ပြီဆိုပြီး ဆေးဝယ်ဖို့ တအားခက်တယ်။ အခုတောင် ကျမ ကျောက်ကပ်အားကောင်းဆေးမသောက်ရဘူး။” အထက်ပါဒေသခံက အခက်အခဲကို ရှင်းပြပါတယ်။
လိုအပ်တဲ့ဆေးဝါးတွေ ဆေးဆိုင်မှာမရှိထားဘူးဆိုရင် ကြိုတင်ပြီးတော့ ဆေးမှာပေးဖို့ ပြောဆိုထားရတဲ့အပြင် ဆေးရှာဖို့ခက်တာကြောင့် လိုအပ်တဲ့ဆေးအားအတိုင်း မရရင်လည်း အားကြီးတဲ့ဆေးကို တစ်ခြမ်းခွဲယူပြီး သောက်ရတာမျိုးရှိတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာလည်း ရန်ကုန်ကတစ်ဆင့်ဆေးတွေမှာယူရပြီးတော့ ပုံမှန်မှီဝဲရမယ့်ဆေးတွေကို လပိုင်းလောက် ကြိုတင်ဝယ်ယူထားရသလို တစ်လတစ်လ ဆေးဖိုးတင် အသားတင် လေးသိန်းဝန်းကျင်ကုန်ကျနေတဲ့အပြင် သွေးစစ်၊ ဆီးစစ်၊ ဆရာဝန်ပြရတဲ့ တခြားသော ကုန်ကျစရိတ် တွေကြောင့်လည်း အကျပ်အတည်းကြုံရတယ်လို့ ပြောပြပါတယ်။
“ရန်ကုန်မှာနေလို့တောင် သက်သာသေးတာပေါ့။ မြစ်ကြီးနားမှာက ဆေးကတအားခက်တယ်။ ဆေးမရောက်ရင်က သုံးလလောက် ဒိတ်ကိုကြည့်ပြီး ကြိုတင်ဝယ်ထားရတယ်။ ဆေးဖိုးလည်း တအားကြီးတယ်။ တစ်လတစ်လကို ဆေးဖိုးတအားကုန်တယ်။”လို့ဆိုပါတယ်။
ဆေး ၁၀ လုံးပါ တစ်ကတ်ကို ကျပ်သုံးသောင်းအထက် လေးသောင်းဝန်းကျင်ပေးရပြီး ကျောက်ကပ်လဲပြီးနောက် ကိုယ်ခံအားနဲ့ ကျောက်ကပ်ထိန်းညှိပေးတဲ့ ဆေးအမျိုးအစား ၈ မျိုးလောက်အပါ အားဆေးတွေပါ သုံးစွဲရတာကြောင့် မြင့်တက်လာတဲ့ဈေးတွေကြား အခက်အခဲကြုံရသလို ကျောက်ကပ်နဲ့ဆိုင်တဲ့ အရေးကြီးဆေးတွေ ရှာရခက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မြို့ကြီးတွေမှာတောင် လိုချင်တဲ့ဆေးအမျိုးအစား တံဆိပ်အတိအကျမရတာကြောင့် အာနိသင်တူတဲ့ ဆေးဝါးတွေကို သောက်သုံးနေရတယ်လို့ ကျောက်ကပ်လဲပြီးနောက် ဆေးပုံမှန်မှီဝဲနေရသူတစ်ဦးဆီကလည်း သိရပါတယ်။
ဆေးဝါးတွေကို ရန်ကုန်ကနေ မြစ်ကြီးနားအထိ ကားလမ်းကနေ သယ်ယူရင် အနည်းဆုံး နှစ်ပတ်ကနေ လပိုင်းလောက်ထိ ကြန့်ကြာတတ်ပြီး တိုက်ပွဲခြေအနေတွေကြောင့် လမ်းပိတ်တာမျိုးနဲ့ အချိန်ကြာတဲ့အခါ ပစ္စည်းပျောက်ပျက်တာတွေလည်း ကြုံရတာကြောင့် ဆေးဝါးသယ်ယူရာမှာ အခက်အခဲကြုံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်နဲ့ဆေးဝါးတွေ သယ်ယူတာကလည်း သယ်ယူခစရိတ်မြင့်မားတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ဒေသတွင်းက ဂိတ်တွေမှာ ဆေးဝါးသယ်ဆောင်ဖို့ အကန့်အသတ်တွေရှိပြီးတော့ လွတ်လပ်စွာ သယ်ယူလို့မရတာကြောင့် အရင်လို ဆေးဝါးရောက်ရှိဖို့ မလွယ်တော့ဘူးလို့လည်း ကြားသိရပါတယ်။
အခုလို ဆေးဝါးသယ်ယူရေးအခက်ခဲတွေ ဆေးဝါးပြတ်လပ်တာတွေနဲ့ ဈေးမြင့်တက်တာတွေကြောင့် ဒေသခံလူထုတွေ အကျပ်အတည်းနဲ့ရင်ဆိုင်နေရသလို အချိန်မှန်-အမြဲ ဆေးမှီဝဲနေရတဲ့လူနာတွေလည်း အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။







