နိုဝင်ဘာ၊၁၂
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ ၉ လက်အောက်မှာ KIA၊ K-PDF တပ်သားတွေအနေနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျတာအပြင် ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)အကြား မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်စေရေး အထူးသတိပေးတားမြစ်ကြောင်း စာထုတ်ပြန်လာပါတယ်။
KIA တပ်မဟာ ၉ ကနေ နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ KIA၊K-PDF တပ်ရင်းအားလုံးဆီ ညွှန်ကြားလိုက်တဲ့ စာထဲမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ ပြည်သူလူထုနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ပြည်သူလူထုနဲ့ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အကြား မလိုလားအပ်တဲ့ ပဋိပက္ခတွေမဖြစ်ပေါ်စေရေး၊ ပြည်သူလူထု ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိတာကို လေးစားလိုက်နာလျက် စည်းကမ်းဖောက်ဖျက် ကျူးလွန်မှုတွေ မရှိစေရေး သတိပေးတားမြစ်လိုက်တယ်လို့ ဖော်ပြပါထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ၊ အတင်းအဓမ္မဥပဒေမဲ့ အကြပ်ကိုင်တာ၊ လမ်းခရီးသွားလာရာမှာ တပ်ဖွဲ့ရဲ့ မူဝါဒ ( Policy ) နဲ့ ဆန့်ကျင်ဘက် ဖြစ်စေတဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်စေရေးအတွက် အထက်အဆင့်ဆင့်က ချမှတ်ထားတဲ့ မူဝါဒ လမ်းစဉ်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ (အထူး)အထူးပင် သတိပေးတားမြစ်လိုက်တယ်လို့လည်း ဆိုပါတယ်။
မြို့၊ ရွာ တွေမှာ ရဲဘော်တွေ၊ လက်နက်ကိုင်ဆောင်ထားသူတွေ အနေနဲ့လည်း သမိုင်းဝင်ယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့ နေရာတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်တာ လုံးဝမပြုလုပ်ကြဖို့ သတိပေး တားမြစ်လိုက်ပါတယ်။
အခု သတိပေးထုတ်ပြန်ချက်ကို ရှေ့တန်း၊ နောက်တန်း၊ H.Q ရှိ အရာရှိ / အရာခံစစ်သည်တွေအားလုံး လိုက်နာဆောင်ရွက်ကြဖို့ အထူး အသိပေးထုတ်ပြန်လိုက်တယ်လို့ ပါရှိပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ ၉ ဟာ ဖားကန့်မြို့နယ်အတွင်း အခြေစိုက်ထားတဲ့ တပ်မဟာတစ်ခုလည်း ဖြစ်ပါတယ်။






