ကချင်ပြည်နယ်အတွင်းက အခြေခံကျောင်းများ ပြန်ဖွင့်လှစ်လျှင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် Quarantine ထားရှိရန် အတိအကျ ညွှန်ကြားထားခြင်းမျိုး မရှိသေး

839

ဇွန် ၂၃
အခြေခံပညာကျောင်း ဖွင့်လှစ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ပါက ချက်ချင်း ယာယီ ပိတ်သွားမည်ဟု ပညာရေးဝန်ကြီးက ပြောဆိုခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အတွက် Quarantine ထားရှိနိုင်ရန် အတိအကျ ညွှန်ကြားထားမှုများ မရှိသေးကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းဖွင့်ချိန် အတွင်း ပိုးတွေ့ရှိ၍ ကျောင်းများ ပိတ်လိုက်ရလျှင် ကျောင်းသား ကျောင်းသူနှင့် ဆရာ၊ ဆရာမများ အတွက် ကွာရန်တင်းထားရှိရန် နေရာများနှင့် လုပ်ဆောင်ရမည့် အချက်များကို အထက်မှ အတိအကျ ညွှန်ကြားမှု မရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်းသာ လိုက်နာကြရမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ပြောသည်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း လိုက်နာကြရမှာပေါ့။ အတိအကျတော့ မရှိပါဘူး”ဟု ၎င်းကပြောသည်။

ကျောင်းဖွင့်ချိန် အတွင်း ကျောင်းသို့ မလာမီကျောင်းပို့ချိန်၊ ကျောင်းချိန်အတွင်း၊ ထမင်းစား နားချိန်နှင့် ကျောင်းဆင်းချိန်များတွင် မိဘ၊ ဆရာနှင့် ကျောင်းသားများ လိုက်နာရမည့် အချက်များကို ထုတ်ထားပြီး၊သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ် ခင်သန်းနွ့ဲက ဆိုသည်။|

“အဲ့ဒါနဲ့အညီ ကျောင်းဝင်းအဝင်ဝမှာ ကလေးတွေပူးကပ်မနေဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။ ကျောင်းအဝင်မှာပဲ ဆရာမတွေက အပူချိန်တိုင်းမယ်။ ကျောင်းဝင်းဝင်ရင် လက်ဆေးရမယ်။ စာသင်ခန်း ရောက်ရင်လည်း ကလေး တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာနေရမှာ ဖြစ်တယ်။ ကျောင်းရောက်ပြီးတဲ့နောက် နေမကောင်းတဲ့လက္ခဏာ တွေ့ရင်တော့ ကျောင်းတွေမှာ အရန်ခန်းတွေ ထားရှိပါတယ်။ အဲ့ဒီအခန်းထဲ ချက်ချင်းရွှေ့ပြီး နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ချင်းအ ကြောင်းကြားရပါမယ်”ဟု၎င်းက ပြောသည်။

ထိုကဲ့သို့ စီစဉ်ဆောင်ရွက်ရာတွင် ဆရာ/မ လုံလောက်မှု၊ စာသင်ခန်း လုံလောက်မှုနှင့် ကျောင်းသုံးပရိဘောဂ အရေအတွက်များပေါ် မူတည်၍ အတန်း ကျောင်းသားဦးရေ လျှော့ချပြီး ပုံမှန်တက်ရောက်ရမည့် ကျောင်းများကို Group(A) ကျောင်းသား တဝက်ခွဲကာ တစ်ပတ်ခြား တက်ရောက်ရမည့် ကျောင်းများကို Group (B)နှင့် ကျောင်းသား ဦးရေ များသည့် ကျောင်းများကို တစ်နေ့နှစ်သုတ်နှင့် တစ်ပတ်ခြား တက်ရောက်ရမည့် ကျောင်းများကို Group(C) စသဖြင့် သတ်မှတ်ကာ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အထက်တန်း အဆင့်ကျောင်းများကို ဇူလိုင်(၂၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဟု ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး အခြေအနေတည်ငြိမ်ပါက အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းများကိုလည်း အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းများလည်း အစိုးရအထက်တန်းကျောင်းများနည်းတူ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း လိုက်နာသွားရမည် ဖြစ်ကြောင်းလည်း သိရသည်။

Ann/ မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here