မြစ်ကြီးနား၊ သြဂုတ် ၂၁
ကချင်ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများနှင့် အပန်းဖြေစခန်း များ၌ လာရောက် အပန်းဖြေသူများကို သြဂုတ်လ(၂၂)ရက်ကစပြီး စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
စစ်တမ်းကောက်ယူခြင်း အစီစဉ်ကို နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (NDF)လက်အောက်ရှိ ဆက်စပ်အသင်း (၁၁)သင်းနှင့် ပြည်နယ်၊တိုင်းဒေသများ၌ ရှိသည့် ရုံးခွဲတာဝန်ခံများက ဦးစီးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက ပြောသည်။
“နိုင်ငံတော် အတိုင်ပင်ခံက တစ်နိုင်ငံလုံးရဲ့ ခရီးသွားသူတွေရဲ့စာရင်းကို သိချင်တယ် ဆိုတဲ့အတွက်ကြောင့် covid-19 ကာလမှာ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံး ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားတယ်။ covid-19 အလွန်မှာ ခရီးသွားလုပ်ငန်းတွေပြန်ပြီး ဖွံ့ဖြိုးဖို့အတွက် ပြည်တွင်းခရီးသွားတွေကို ဦးစားပေးလုပ်ဆောင်သွားမှာပါ”လို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက ပြောသည်။
စစ်တမ်းကောက်ယူမည့်နေရာများမှာ မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်မှ မနောင်ကွင်း၊ ဆုတောင်းပြည့်ဘုရား၊ ဟိန္ဒူရွှေကျောင်းတော်၊ အောင်ဇေရန်အောင်ဘုရား၊ မြစ်ဆုံ၊ အောင်မြင်သာ ကျိန်ခရန်ချောင်း အပန်းဖြေစခန်းများ နှင့် ခရီးသည်အဝင်အထွက်များသော အဝေးပြေးကားဂိတ်၊ လေယာဉ်ကွင်း၊ မီးရထားဘူတာရုံများကို သာမက ကချင်ပြည်နယ်အတွင်းက အပန်းဖြေစခန်းများတွင် လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“စစ်တမ်းကောက်ယူခြင်းအားဖြင့် ခရီးသွားတွေက ကျွန်တော်တို့ဒေသမှာ ဘယ်လိုနေရာကို သဘောကျတယ်။ ဘယ်လိုနေရာတွေကို လည်ပတ်ချင်တယ်ဆိုတာကို ကိုဗစ်အလွန်မှာ အဆင်သင့်ဖြစ်အောင် အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်သွားမှာပါ။ ဒါကြောင့် ခရီးသွားအားလုံးအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဦးခိုင်ဝင်းက ဆက်လက်ဆိုသည်။
လာရောက်လည်ပတ်သူများ အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်နိုင်ရေး၊ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက်သာမက မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသည်များကို အချက်(၁၈)ချက်နှင့်အညီ စစ်တမ်းကောက်ယူသွားမည် ဖြစ်သည်။
မွန်းမွန်းပန်







