အောက်တိုဘာ၊၁၆
ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ မံစီမြို့ကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ စစ်ကောင်စီရဲ့ ကွန်မန်ဒိုတပ်မစစ်ကြောင်းကြီးက သိမ်းယူလိုက်နိုင်တယ်ဆိုတဲ့ သတင်းအမှားကို စစ်ကောင်စီလော်ဘီချန်နယ်လ် တစ်ခုဖြစ်တဲ့ Truth Media တယ်လီဂရန်ချန်နယ်လ်ကနေ အောက်တိုဘာလ ၁၂ ရက်နေ့ညနေပိုင်းက စတင်ဖြန့်ဝေလာပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ နောက်ထပ် လော်ဘီချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်” နာမည်နဲ့ တယ်လီဂရန်ချန်နယ်လ်ကနေလည်း တဆင့်ပြန်လည်မျှဝေထားတာကိုလည်း တွေ့ရပါတယ်။
“ဗန်းမော်ဘက်မှ ကွန်မန်ဒိုတပ်မစစ်ကြောင်းကြီးက မိုးမောက်မြိုနဲ့မံစီမြို့ ၂ မြို့ လုံးကို ညနေ ၃ နာရီတိတိအချိန် ပြန်လည်သိမ်းယူလိုက်ပြီးဖြစ်သည်။ မသေဘဲထွက်ပြေးနေကြတဲ့ လက်ကျန် KIA နဲ့ PDF များအား လိုက်လံသုတ်သင်လျှက်ရှိပါသည်။“ ဆိုပြီးတော့ ရေးသားဖြန့်ဝေနေတာပါ။
အဲဒီသတင်းအမှားကို Truth Media တယ်လီဂရန်ချန်နယ်လ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၂,၀၀၀ ကျော်နဲ့ တဆင့်ပြန်လည်မျှဝေသူ ၂၁ ယောက်ထိရှိနေပြီ ဖြစ်ပါတယ်။
“နေပြည်တော်“နာမည်နဲ့ တယ်လီဂရန် ချန်နယ်လ်မှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့လယ်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၅,၈၀၀ ကျော်နဲ့ တဆင့်ပြန်လည်မျှဝေသူ ၃ ယောက်ထိ ရှိနေပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က စစ်ဆေးလိုက်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က ချီဖွေမြို့နဲ့ ဆော့လော်မြို့ အပြင် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကို သိမ်းယူထားနိုင်ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကချင်အထူးဒေသ(၁)ပန်ဝါမြို့အနီး၊လုပြည်ကျေးရွာမှာရှိတဲ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် (BGF) ကို KIA/PDF ပူးပေါင်းတပ်ဖွဲတွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သလို အလုံးစုံထိန်းချုပ်နိုင်ဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။
ကချင်ပြည်နယ်က လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း အခု Link ( https://www.facebook.com/photo/?fbid=565239696183028&set=a.266001999440134 ) မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာ မိုးမောက်နဲ့ မံစီမြိုကို စစ်ကောင်စီက တိုက်ခိုက်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းကိုတော့ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ ဒေသတွင်းအခြေစိုက် သတင်းဌာနတွေမှာတော့ ဖော်ပြထားတာ မရှိပါဘူး။
စစ်ကောင်စီက မိုးမောက်နဲ့ မံစီမြို့ကို ပြန်လည်သိမ်းယူထားတယ်ဆိုတာ မှန်ကန်မှုမရှိဘူးလို Bhamo People Defense Force – BPDF တာဝန်ရှိသူတစ်ဦးကလည်း ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကောင်စီကနေ သူတို့လက်လွှတ်ထားရတဲ့ မိုးမောက်မြို့က ခမရ ၄၃၇ တပ်စခန်းကြီးဘက်ကို စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ ရှိနေပေမဲ့ ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ထိတော့ ပြန်လည်သိမ်းယူထားနိုင်ခြင်း မရှိသေးဘဲ KIA ဘက်က ခုခံတိုက်နေပါတယ်။
Truth Media တယ်လီဂရန် ချန်နယ်က ဖြန့်ဝေနေ့တဲ့
မိုးမောက်မြို့ နဲ့ မံစီမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်တယ်ဆိုတဲ့ အကြောင်းအရာကတော့ တကယ့်ဖြစ်ပွားခြင်းမရှိဘဲ ဝါဒဖြန့်သတင်းအမှား အကြောင်းအရာတွေသာ ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူ ပြန်လည်မျှဝေတာတွေမလုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။
လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းဌာနတွေက သတင်း တွေကိုသာ သွားရောက်ဖတ်ရှုကြဖိုကိုလည်း တိုက်တွန်းလိုပါတယ်။