မေ ၂၅
ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံသည့်အစီအစဉ်ကို ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး မြို့နယ်အဆင့်အောက်ရှိ သက်ဆိုင်ရာဌာနများ၌ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မေလ ၁၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို တိုက်နယ်ဆေးရုံများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ဒေသန္တရ၊ မြို့မ၊ ကျေးလက် စရှိသည့် ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ရပ်ကွက်ကျေးရွာများ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနက Covid-19 ရောဂါဖြစ်ပွားနေချိန် ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်အစီအစဉ်ကို ဧပြီလ(၁) ရက်မှ မေလ (၁၃) ရက်အထိ ရပ်ဆိုင်းခဲ့ပြီး မေလ (၁၈) ရက်မှ စတင်၍ ဗဟိုအဆင့်၊ ခရိုင်အဆင့်၊မြို့နယ်အဆင့် ဆေးရုံများ တွင်ရက်သတ္တပတ် တစ်ပတ် လျှင် (၅) ရက်နှုန်းဖြင့် (၂) ပတ်ဆက်တိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံခြင်း ရပ်ဆိုင်းခဲ့ချိန်အတွင်း ဆေးထိုး၊ ဆေးသောက်ခြင်းမရှိခဲ့သည့်ကလေးများကို ပြန်လည် ထိုးနှံ၊ တိုက်ကျွေးပေးသွားမည်ဖြစ်ပြီး၊ ပုံမှန်ကာကွယ်ဆေးထိုးနိုင်သည့် အခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိရန် ထိုးနှံပေးခဲ့ကြောင်းလည်း သိရသည်။
တစ်နေ့လျှင် အယောက်(၅၀)နှုန်းဖြင့် ကလေးငယ်များကို ဆေးထိုးပေးသွားမည်ဖြစ်ပြီး Covid-19 ဖြစ်ပွားချိန်ကာလ ဖြစ်သည့်အတွက်မိခင်များကို တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားသည့် Social distancing အနေဖြင့်အနည်းဆုံး (၆)ပေအကွာမှ နေရာယူခိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဟု မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာငြိမ်းကြည်ဖေက ပြောသည်။
ထို့အပြင် ဆေးလာရောက်ထိုးနှံသူများအနေဖြင့် ြေျုများဝတ်ဆင်လာရမည်ဖြစ်ပြီး ဖျားနာသူများ Quarantine ဝင်ထားသည့် အိမ်မှကလေးများ လာရောက်ခြင်းမရှိရန် တားမြစ်ထားကြောင်းနှင့် ကာကွယ်ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးထိုးနှံပေး သည့်အပြင် မိခင်နှင့်ကလေးကျန်းမာရေး အသိပညာပေး၊ ကလေးအာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံသူများအနေဖြင့် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရန်နှင့် လူစုလူဝေး မဖြစ်ဘဲ ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးနိုင်ရန်အတွက် ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန်လည်း တိုက်တွန်းထုတ်ပြန်ထားသည်။
မွန်းမွန်းပန်၊ ဂျာဒွဲ







