ကိုဗစ်နှင့် ရွေးကောက်ပွဲ

1047

၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည့်ရက် တစ်စတစ်စ နီးကပ်လာပြီး ရက်ပေါင်း(၂)လနီးနီးသာ လိုပါတော့သည်။ ပါတီများ မဲဆွယ်စည်းရုံးမည့် ရက်ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီး ဖြစ်သည်။
မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း(၆၀) စက်တင်ဘာ(၈)ရက်နေ့မှ စတင်ကာ နိုဝင်ဘာ(၆) ရက်နေ့အထိ ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲ တစ်စတစ်စ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီအလိုက် ထောက်ခံသူများ၏ ပြိုင်ဆိုင်မှုများက ပြင်းထန်လျက်ရှိနေသည်။ ပြိုင်ဆိုင်မှုများ ဆိုသော်လည်း တစ်ဖက်ပါတီနှင့် တစ်ဖက်ပါတီ ပြိုင်ဆိုင်ခြင်းထက် အပုပ်ချ တိုက်ခိုက်ခြင်းမျိုးကို ပို၍ တွေ့မြင်နေရသည်။ ဒီမိုကရေစီ နုနယ်ပြီး အသားမကျသေးခြင်းကြောင့် ဖြစ်ပေမည်။

ဤကဲ့သို့ အပုပ်ချနေခြင်းမျိုး မပြုလုပ်ပဲ ဒီမိုကရေစီဆန်ဆန် မိမိနှစ်ခြိုက်သည့် ပါတီကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်၊ မဲပေးကြရမည်ဖြစ်သည်။ အမှန်တကယ် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ယင်းအကျင့်ဆိုးများကို ပယ်ဖျောက်ပစ်ရန် အထူးလိုအပ်ပါသည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီကူးပြောင်းမှု ဖြစ်စဉ်၏ စမှတ်ဖြစ်သည့်အတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒကို အမှန်တကယ် ထင်ဟပ်သော ရွေးကောက်ပွဲဖြစ်လာရန် လိုအပ်သည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရာ၌ ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ရမည်အမှန်ပင်။

Quarantine ဝင်နေသူများ၏ မဲပေးမည့် ပုံစံ၊ ကူးစက်ခံထားရသည့် ပိုးတွေ့လူနာများ၏ မဲပေးမည့်အခွင့်အရေး၊ မြို့တစ်မြို့ကိုသွားမည်ဆိုပါက Quarantine ဝင်နေရသည့်အတွက် မြို့နယ်၊ ခရိုင်များကူးပြောင်း၍ မဲဆွယ်စည်းရုံးကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၊ မဲဆွယ်စည်းရုံးမည့် သူများ၏ အခက်အခဲ မည်သို့ ဖြစ်လာမည်လော။

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူတစ်ဦးနှင့်တစ်ဦး ရှေ့၊နောက်၊ ဝဲယာ အနည်းဆုံး(၆)ပေစီကွာလျက် မဲဆွယ်စည်းရုံးသည့် ကာလတစ်လျှောက်လုံးတွင် ဆောင်ရွက်ရန်၊ ရပ်နား၍ နောက်တစ်ကြိမ်(သို့မဟုတ်) နောက်တစ်နေရာ၌ ဟောပြောလျှင် နေရာအကျယ်အဝန်းပေါ်မူတည်၍ လူ(၅၀)ဦးထက်မပိုဘဲ ဆောင်ရွက်ရန်၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းများ မပြုရန် သတ်မှတ်ထားသည်။

ကမ္ဘာ့နိုင်ငံအများအပြားက နိုင်ငံအချို့တို့လည်း ကိုဗစ် ၁၉ ကြောင့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် သက်ဆိုင်ရာရွေးကောက်ပွဲများကို ရွေ့ဆိုင်းထားခဲ့ကြသည်။ IFES (International foundation for Election systems) အဖွဲ့၏ စစ်တမ်း ကောက်ယူချက်အရ နိုင်ငံပေါင်း(၈၄)နိုင်ငံ အနက်မှ (၄၇)နိုင်ငံသည် သက်ဆိုင်ရာရွေးကောက်ပွဲများကို ရွေ့ဆိုင်းလိုက်ရကြောင်း တွေ့ရှိရသည်။

မည်သို့ပင်ဆိုစေကာမှုလာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် အရောင်အသွေး စုံလင်မည့် ရွေးကောက်ပွဲဖြစ်လာပေလိမ့်မည်။ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလဖြစ်သည့်အတွက် တရားမျှတသော ရွေးကောက်ပွဲဖြစ်လာမည်လား၊ စိတ်ခေါ်ချက်များစွာထဲမှ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို မည်သို့ ကျော်လွှားမလဲဆိုသည်ကိုတော့ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here