မဲရှုံးသွားသော်လည်း ကိုယ်စားလှယ်လောင်းဘဝနှင့် လွှတ်တော်ပြင်ပကနေ ဆက်လက်တိုက်ပွဲဝင်ကြပါ

791

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာ (၈၃) ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီး လာမည့် အစိုးရသက်တမ်းအတွက် အစိုးရဖွဲ့နိုင်သည့် အခွင့်အရေး ရရှိခဲ့သည်။

လက်ရှိကျင်းပဆဲ လွှတ်တော် အစည်းအဝေးများသည် ဇန်နဝါရီ (၃၁) ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ (၁) ရက်၌ လွှတ်တော်အသစ်များကို ပြန်လည်စတင်မည် ဖြစ်သည်။

အစိုးရ အသစ်မှာ ၂၀၂၁ ဧပြီလ(၁)နေ့တွင် စတင်မည် ဖြစ်ပါသည်။
ယင်း လွှတ်တော်အသစ်များတွင် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များက နေရာအများစု ရရှိထားသည်။

အခြားအနိုင်ရသည့် ပါတီ၊ တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်လောင်းများလည်း မိမိယှဉ်ပြိုင်သည့် လွှတ်တော်နေရာတွင် အသီးသီးအနိုင်ရရှိကြပြီ လာမည့် အစိုးရသက်တမ်းတွင် လွှတ်တော်အတွင်း မိမိ ဆန္ဒနယ်အတွက် အလုပ်လုပ်ကြရမည် ဖြစ်သည်။

အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများလည်း ရှိသကဲ့သို့ ပြည်သူလူထု၏ ဆန္ဒမဲနည်းသည့် အတွက် ကိုယ်စားလှယ်လောင်းဘဝဖြင့်သာ ကျေနပ်ခဲ့ရသူများလည်း ရှိသည်။

အနိုင်ရရှိကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ သက်ဆိုင်ရာ လွှတ်တော်အတွင်းတွင် ထိုင်ခုံထိုင်၊ ပြည်သူက ထောက်ပံ့သည့် လစာများရယူကာ မိမိကိုယ်စားပြုယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အသီးသီးက ပြည်သူများကို အကျိုးပြုစေမည့် လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်သည်။

ပြည်သူ့ဆန္ဒမဲ နည်းသည့်အတွက် ရွေးချယ်တင်မြှောက်မခံရသော ကိုယ်စားလှယ်လောင်းများသည် လည်း လွှတ်တော်ပြင်ပမှ မိမိ မဲဆန္ဒနယ်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အတွက်၊ မိမိပြည်နယ်/ တိုင်းဒေသအတွက် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန် ဝင်ရောက်ယှဉ်ပြိုင်သည့်နေရာတွင် မဲရှုံးသည့်အတွက် ပြည်သူလူထုအတွက် “ငါဘာမှလုပ်လို့ မရတော့ဘူး”ဟု ထင်မှားသူများလည်း ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က စိစစ်ပြီး ထုတ်ပြန်ပေးခဲ့သည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသော လွှတ်တော်ကိုယ်စားလောင်းများသည် မဲရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ဂုဏ်ပုဒ်ဖြင့် မှတ်တမ်းဝင်နေသည့် ပုဂ္ဂိုလ်များဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုသည်မှာ ရွေးကောက်ပွဲ ပြီးသွားသည်အထိ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ နည်းဥပဒေကို မဆန့်ကျင်သူ၊ သတင်းစာမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရည်အချင်း ပျက်ယွင်းသူအဖြစ် မကြေညာခံရလျှင် အဆိုပါ ပုဂ္ဂိုလ်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူ့ဆန္ဒမဲနည်းသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ဘဝနှင့်သာ ကျေနပ်ခဲ့ကြရသည့် ကချင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်လောင်းများသည်လည်း လွှတ်တော် ပြင်ပမှ ကချင်ပြည်နယ်က တိုင်းရင်းသား ပြည်သူလူထုများအားလုံး ညီတူညီမျှရရှိရမည့် အခွင့်အရေးများ ကို အတတ်နိုင်ဆုံး လွှတ်တော်ပြင်ပမှ ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here