ရှမ်းမြောက်မှာ နိုင်ငံခြားသားတွေကို မြေပိုင်ဆိုင်ခွင့် မပေးထားသလို ရွာတွေကိုလည်း နာမည်မပြောင်းထားဘူးလို့ MNDAA တုံ့ပြန်

1

အောက်တိုဘာ၊ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေကို မြေပိုင်ဆိုင်ခွင့်မပေးထားဘူးလို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ( SSJAC ) ရဲ့ ကန့်ကွက်စာကို ကိုးကန့်တပ် (MNDAA) က ဒီနေ့အိတ်ဖွင့်ပေးစာနဲ့ တုံ့ပြန်လိုက်ပါတယ်။

SSJAC ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေအပေါ် MNDAA အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးလာတယ်ဆိုပြီး ကန့်ကွက်စာထုတ်ပြန်ခဲ့တာပါ။

အဲဒီ SSJAC ရဲ့ ကန့်ကွက်စာထဲမှာတော့ MNDAA ကပြဌာန်းလိုက်တဲ့ မြေယာဥပဒေအပါအဝင် ဥပဒေအရပ်အရပ်ဟာ နိုင်ငံခြားသားတွေကို အတားအဆီးမရှိဝင်ရောက်လာစေနိုင်တာနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး မြေပိုင်ဆိုင်ခွင့်ရသွားနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

MNDAA ကတော့ သူတို့အနေနဲ့ နိုင်ငံခြားသားတွေကို မြေယာပိုင်ဆိုင်ခွင့် လုံးဝမပေးထားသလို SSJAC ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် ဘာသာစကားနဲ့ပတ်သက်လို့လည်း MNDAA က သူတို့အနေနဲ့ ကျောင်းတွေမှာ မြန်မာဘာသာကိုပဲ မိခင်ဘာသာအနေနဲ့ အသုံးပြုခိုင်းထားပြီး တခြားတိုင်းရင်းသား ဘာသာစကားတွေနဲ့လည်း သင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ SSJAC ရဲ့ ကန့်ကွက်ချက်ထဲမှာပါတဲ့ ဘာသာစကားအကြောင်းပြောဆိုချက်မှာတော့ MNDAA ဟာ ဒေသခံတွေနဲ့မရင်းနှီးတဲ့ဘာသာစကားတွေကို ရုံးသုံးဘာသာစကားအပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာပါ အသုံးပြုဖို့ ဖိအားပေးနေတယ်ဆိုတာကိုပဲ ဖော်ပြခဲ့တာဖြစ်ပြီး ကျောင်းတွေလို့ တိုက်ရိုက်မပြောထားပါဘူး။

ဒါ့အပြင် သမိုင်းစဉ်ဆက်ခေါ်ဝေါ်ခဲ့တဲ့ မြို့ရွာနာမည်တွေကို ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ လုံးဝမသက်ဆိုင်တဲ့ နာမည်တွေ၊ ဘာသာစကားတွေနဲ့ MNDAA က ပြောင်းလဲနေတယ်လို့ SSJAC က ထုတ်ပြန်ထားပါတယ်။

MNDAA ကတော့ သူတို့အနေနဲ့ မြို့ရွာနာမည်တွေကို ပြောင်းလဲလိုက်တာမျိုးမရှိဘဲ ကိုးကန့်လူမျိုးတွေ အုပ်ချုပ်တဲ့ဒေသမှာ အုပ်ချုပ်ရေးယန္တရားလွယ်ကူစေဖို့ ကိုးကန့်ဘာသာစကားနဲ့ တွဲဖက်ခေါ်ဝေါ်တာသာ ဖြစ်တယ်လို့ တုံပြန်ထားပါတယ်။

ဒါ့အပြင် MNDAA ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတယ်လို့ SSJAC က ပြောဆိုထားပြီး MNDAA ကလည်း အဲဒီအချက်ကို ငြင်းဆိုထားပါတယ်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ကိုတော့ ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) တို့ ပါဝင်ပါတယ်။

ပုံစာ – ကိုးကန့်ထိန်းချုပ်ဒေသအတွင်း စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးအတွက် MNDAA တပ်ဖွဲ့ဝင်တချို့ ကြည့်ရှု စစ်ဆေးနေစဉ်/ Photo – The Kokang

 

LEAVE A REPLY

Please enter your comment!
Please enter your name here