အောက်တိုဘာ၊ ၂၂
ပြီးခဲ့တဲ့ စက်တင်ဘာလထဲ တရုတ်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မြေရှားသတ္တုတွေရဲ့ ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက တင်ပို့ခဲ့တာဖြစ်တယ်လို့ ရှန်ဟိုင်းသတ္တုများစျေးကွက်ကုမ္ပဏီ(SMM) ကရဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။
တရုတ်အကောက်ခွန်ရဲ့ နောက်ဆုံးစာရင်းတွေအရ စက်တင်ဘာလထဲ မြေရှား တန်ချိန် ၅,၀၂၁ တန် တင်သွင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီထဲက ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ၃,၅၀၉ တန်ကိုတော့ မြန်မာနိုင်ငံက တင်ပို့ခဲ့တာဖြစ်ပြီး လာအိုနိုင်ငံက ၁,၃၆၉ တန်နဲ့ မလေးရှားက ၁၃၈ တန် တင်ပို့ခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့မှု ပမာဏဟာ ဩဂုတ်လတုန်းကတော့ ၁,၃၄၆ တန်ပဲရှိခဲ့တာ ဖြစ်ပေမဲ့ ပွင့်လင်းရာသီရောက်လာတဲ့အတွက် တင်ပို့မှုမြင့်တက်လာတာလို့ SMM က သုံးသပ်ထားပါတယ်။
ကုန်ကြမ်းထောက်ပံ့မှုဟာ မြန်မာနဲ့ လာအို နှစ်နိုင်ငံပေါ်မှာ အဓိကမူတည်နေပြီး အဲဒီနိုင်ငံတွေရဲ့ နယ်စပ်မူဝါဒ၊ သတ္တုတွင်းလည်ပတ်မှု ဒါမှမဟုတ် သယ်ယူပို့ဆောင်ရေး အခြေအနေတွေ ပြောင်းလဲသွားရင်တော့ လစဉ်တင်သွင်းမှု ကိန်းဂဏန်းတွေ အတက်အကျရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီနှစ်ထဲမှာတော့ တရုတ်နိုင်ငံကို ဇန်နဝါရီကနေ စက်တင်ဘာလအထိ မြေရှားဝင်ရောက်မှုပမာဏဟာ ၄၆,၄၆၆ တန်အထိ ရှိနေပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ဒေသတွေ၊ လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ မြေရှားသတ္တုလုပ်ကွက်တွေ ရှိနေပါတယ်။






