စစ်အုပ်စုဟာ ခိုင်မာတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာမှာနဲ့ ပြည်သူလူထုတွေ တိုးတက်လာမှာကို မလိုလားတာကြောင့် ပြည်သူတွေကို တိုက်ခိုက်နေတယ်လို့ KIO ပြော

1

 

အောက်တိုဘာ၊ ၂၅

စစ်အုပ်စုဟာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာမှာနဲ့ ပြည်သူလူထုတွေ တိုးတက်လာမှာကို မလိုလားတာကြောင့် နေ့စဉ်နဲ့အမျှ ပြည်သူတွေကို တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) တည်ထောင်တာ ၆၆ နှစ်ပြည့် ဒီကနေ့မိန်ခွန်းမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြားလိုက်ပါတယ်။

အခုလို မလိုလားတာကြောင့် ကျေးရွာတွေ ၊ အရပ်သားနေအိမ်တွေ၊ လုပ်ကိုင် စားသောက်တဲ့ နေရာတွေ၊ စာသင်ကျောင်းတွေ ဆေးရုံဆေးပေးခန်းတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေအထိ လေယာဉ်ဗုံး ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒီလိုပစ်ခတ်မှုတွေကြောင့် တစ်နိုင်ငံလုံးက အရပ်သားပြည်သူ အများအပြား ထိခိုက် သေဆုံး ဒုက္ခရောက်နေကြရပြီး ဒါကိုစဉ်းစားမိတိုင်း နာကျင်ရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လက်ရှိ KIO အနေနဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ခိုင်မာတဲ့ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားနေတယ်လို့ ထည့်သွင်း ပြောကြားထားတာပါ။

ဒီကနေ့မိန့်ခွန်းထဲ ကချင်နဲ့ ရှမ်းလူမျိုးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုလည်း ပြောကြားထားတာ တွေ့ရပါတယ်။

စစ်အုပ်စုဟာ အချိန်အကြာကြီး အတူယှဉ်တွဲနေထိုင်ဆင်းသက်လာခဲ့တဲ့ ရှမ်းလူမျိုးတွေ နဲ့ ကချင်လူမျိုးကြား သွေးထိုးပြီး စိတ်ဝမ်းကွဲစေသလို ၂၀၂၁ ခုနှစ်နောက်ပိုင်း စိတ်ဝမ်းကွဲစေတဲ့ လုပ်ရပ်မျိုးတွေ ပိုဆိုးလာတာကို မြင်တွေ့ရတယ်လို့ ပြောပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဆိုတဲ့ အမည်ကိုကိုင်စွဲပြီး တိုက်ပွဲတွေဖြစ်ပွားလာတာက ဒီလုပ်ရပ်အတွက် ခိုင်မာတဲ့ သက်သေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မူးယစ်ဆေးဝါးကို လက်နက်ကြီးသဖွယ်အသုံးချပြီး လူမျိုးတုံးရေးစနစ်ကို ကိုင်စွဲလာတာကြောင့် ပြည်သူတွေကြား စိတ်ဝမ်းကွဲ၊ မငြိမ်းချမ်းမှု၊ ဆုံးရှုံးနစ်နာမှုတွေ များစွာဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး လုပ်ငန်းတစ်ခုအနေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရှေ့တန်းတိုက်ပွဲတွေမှာ နေ့စဉ်နဲ့အမျှ ကြိုးစားနေတဲ့ သူရဲကောင်းတွေရဲ့ ကြိုးစားပေးဆပ်မှု တွေကို အလေးပြုသလို စစ်အာဏာရှင်ရဲ့ အမြစ်ပြတ် ဖြတ်တောက်နိုင်ဖို့အတွက် အားမလျှော့ဘဲ ဆက်လက်ကြိုးစားနေဖို့ ထပ်မံတိုက်တွန်းထားတာပါ။

ပြည်သူတွေအနေနဲ့လည်း ဆင်းရဲဒုက္ခတွေ ခံစားနေရပေမဲ့ စိတ်ဓာတ်မကျဘဲ အချင်းချင်း ရိုင်းပင်းကူညီအားပေးပြီးတော့ နေကြဖို့အပြင် စစ်အာဏာရှင်ကို တွန်းလှန် အောင်ပွဲရယူပြီး နိုင်ငံရေး ပန်းတိုင် ရောက်အောင် အားစိုက် လက်တွဲကြိုစားသွားဖို့ကို ပြောဆိုထားပါတယ်။

ကိုယ်ပိုင်ဆိုင်တဲ့ နယ်မြေမှာနေလာခဲ့ရာကနေ ပြည်ထောင်စုအနေနဲ့ စုပေါင်းနေထိုင်ဖို့ ရှမ်း၊ ကချင်၊ ချင်းနဲ့ ဗမာလူမျိုးတွေရဲ့ ဦးဆောင်သူတွေက လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံကတိကဝတ်ဟာ အရေးကြီးတဲ့ သက်သေတစ်ခုဖြစ်ပြီး ပင်လုံကတိကဝတ် ဖြစ်ပေါ်လာဖို့အတွက် ရှမ်းနဲ့ ကချင်လူမျိုးတွေထဲက ဦးဆောင်သူတွေရဲ့ ကြိုးပမ်းမှုတွေက သမိုင်းမှာ မေ့ထားလို့မရတဲ့ အဖြစ်အပျက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ပြီး ဖိနှိပ်အုပ်ချုပ်လာတာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရတော့တာကြောင့် လက်နက်ကိုင် တော်လှန်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကို ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင် တည်ထောင်လာခဲ့တာလို့ ဆိုပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here