ဇွန်၊၁၁
မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့က ဒေသခံ ၉၀ ရာခိုင်နှုန်းလောက် မြို့ကို ပြန်လာကြပြီ ဖြစ်တာကြောင့် မြို့အဝင်အထွက်ကို ဖွင့်ပေးစေလိုကြောင်း ဒေသခံတွေက တောင်းဆိုပါတယ်။
လမ်းတစ်လျှောက်မှာ စစ်ကောင်စီက ပိတ်ထားတဲ့အပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း မြို့အဝင်အထွက် လမ်းတွေကို ပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်တွေနဲ့ ကြုံနေကြရတယ်လို့ ဆင်ဘိုဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိလည်း လေယာဉ်ပျံဝဲမှုတွေ ရှိနေသေးတာကြောင့် KIA ကနေ လုံခြုံရေးအတွက် မြို့ဝင်/ထွက် ပိတ်ထားတာလို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ဒေသက စားဝတ်နေရေးတအားခက်ခဲလာတယ်လေ။ တောင်သူတွေလည်း စိုက်ကြပျိုးကြတော့မှာဆိုတော့ လမ်းပန်းဆက်သွယ်ရေး အဲဒီလိုပြတ်နေခြင်းအားဖြင့် စက်သုံးဆီတွေလည်း ဈေးကတအားမြင့်သွားတယ်။“လို့ ဆိုပါတယ်။
အရင်က မြစ်ကြီးနား- ဆင်ဘိုအမြန်ရေယာဉ်လိုင်း နေ့စဉ်ရှိတဲ့အတွက် စက်သုံးဆီနဲ့ အခြားစာသောက်ကုန်တွေကို အလွယ်တကူရရှိနိုင်တာကြောင့် အဆင်ပြေပြေဝယ်ယူသုံးစွဲ နေနိုင်ခဲ့ကြတယ်လို့ ဒေသခံတွေက သိရပါတယ်။
ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့နောက်မှာတော့ အဲဒီယာဉ်လိုင်းကို ရပ်နားလိုက်တဲ့အပြင် ကုန်းလမ်းဘက်ကလည်း လုံးဝသွားလာခွင့် မရှိကြတော့တဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်တာတွေ ကြုံနေရတာလို့ ဆိုပါတယ်။
အခုချိန်မှာ ဓာတ်ဆီတစ်ဂါလံကို ၂၅,၀၀၀ ကျပ်ဝန်းကျင် ဈေးအထိရောက်ရှိနေပြီး ဒီဇယ်ကလည်း ၂၀,၀၀၀ ကျပ်လောက်ရှိနေတယ်လို့ သိရပါတယ်။
ဟိုကပ်၊ သာပတောင်းလမ်းဘက်ကနေ ဟွန်ဒါစက်လှေတွေတဆင့် ဆင်ဘိုဘက်ကို အနည်းငယ်စီ သယ်ယူနေရတာဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ ဆင်ဘိုမြို့စောင့်တပ်ကို အပြီးသတ်သိမ်းနိုင်ဖို့ KIA ပူးပေါင်းတပ်ဖွဲ့တွေက ဒီနှစ်စပိုင်းလောက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေဟာ ဒီနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်လောက်မှာ မြို့ပေါ်ကို တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆင်ဘိုဒေသခံအများပိုင်းဟာ မြို့ပေါ်မှာ ကလေးတွေကို ကျောင်းထားဖို့ မတတ်နိုင်ကြသလို မိသားစုစားဝတ်နေရေး အဆင်ပြေအောင် စီးပွားရေးလုပ်ငန်းမှလည်း မလုပ်ကိုင်တတ်ကြတဲ့အတွက် ကြာကြာရပ်တည်နေထိုင်ဖို့က မလွယ်ကူတာကြောင့် နေရပ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံကဆက်လက်ပြောပါတယ်။
“ကိုယ့်အလုပ်ပြန်လုပ်ချင်ကြတာဆိုတော့ ၉၀ ရာခိုင်းနှုန်းလောက်ကတော့ ပြန်ရောက်နေကြပြီ။ ၁၀ ရာခိုင်နှုန်းလောက်ကပဲ သားသမီးအငယ်ရှိလို့ ကျောင်းထားပြီး စောင့်နေကြတဲ့သဘောပေါ့။“ လို့ ဆိုပါတယ်။
KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဆင်ဘိုမြို့စောင့်တပ်ကို လွန်ခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှာတော့ အပြီးသတ်သိမ်း နိုင်ခဲ့ပြီဖြစ်ပေမဲ့ အခုချိန်ထိ မတည်ငြိမ်သေးတဲ့အတွက် ဒေသခံတွေအ စိုးရိမ်မှုနေကြဆဲ ဖြစ်ပါတယ်။