ခိုင်မာတဲ့ဒီမိုကရေစီစနစ်ဖြစ်တည်ဖို့အတွက် လိုအပ်ချက်

1092

ရေရှည်တည်တံ့ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်ကို ရရှိဖို့အတွက် ကဏ္ဍ ၃ ရပ်ကို မေ့ထားလို့ရမယ် မထင်ပါဘူး။ ပထမ နိုင်ငံရေးပါတီတွေ၊ ဒုတိယ အရပ်ဖက်အဖွဲ့အစည်းနဲ့ တတိယကတော့ နိုင်ငံရေးသမားတွေ စတဲ့ ကဏ္ဍတွေလို့ နိုင်ငံရေးပညာရှင်တစ်ချို့ ဆွေးနွေးထားတာတွေ့ရပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ အပြောင်းအလဲ ပြုလုပ်ပေးရာမှာ နိုင်ငံရေးပါတီတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်မှုမရှိနိုင်ပါဘူး။ သို့သော် ဒီ နိုင်ငံရေးပါတီတွေဟာ သိပ်အရေးကြီးပါတယ်။ နောက်ပြီး ဒီ နိုင်ငံရေးပါတီတွေ မရှိဘူးဆိုရင် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲနိုင်ငံရေးတွေမှာပါ။ နိုင်ငံရေးပါတီတွေကမှတစ်ဆင့်သာ ကိုယ်စားပြု ဒီမိုကရေစီကို လက်တွေ့အကောင်အထည်ဖေါ်နိုင်လို့ပါပဲ။

အခုလက်ရှိ ကျွန်တော်တို့နိုင်ငံမှာ တည်ဆဲအထက်တန်းလွှာလူတန်းစားအုပ်စုလို့ တင်စားလို့ရတဲ့ အုပ်စုတွေ စုဖွဲ့ထားတဲ့ ပါတီကြီးနဲ့ အင်အားစုအသစ်တွေကို စုဖွဲ့ထားတဲ့ ပါတြီကီးဆိုပြီး ပါတီနှစ်ခု ရှိနေပါတယ်။ ဒီ ပါတီကြီးနှစ်ခု ညီညွတ်လက်တွဲပြီး အားကောင်းတဲ့ ဒီမိုကရေစီဆိုင်ရာအဖွဲ့အစည်းတွေ တည်ထောင်နိုင်မယ်ဆိုင်ရင်တော့ ရေရှည်တည်တံ့ခိုင်မာတဲ့ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်မှာ မလွဲပါဘူး။

ဒါမှမဟုတ် ဒီ ပါတီကြီးနှစ်ခု အချင်းချင်း နားလည်မှုလွဲပြီး တစ်လွဲလျှောက်လုပ်နေရင်တော့ ဒီမိုကရေစီရေး လမ်းပျောက်ပြီး နောက်ကြောင်းပြန်လှည့်သွားနိုင်ပါတယ်။ ဒါ့အပြင် ရှိပြီးပါတီတွေပျောက်၊ ပါတီသစ်တွေပေါ်လာ၊ ငါးနှစ်တစ်ကြိမ် အစိုးရသစ်တွေတက်လာပြီး ပါလီမန်အတွင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဦးနဲ့တစ်ဦး အယုံအကြည်မရှိဆိုပြီး ဖြုတ်ချ စတဲ့ဆိုးရွားတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒုတိယဖြစ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ နိုင်ငံရေး ပညာရှင်တွေ သုံးသပ်ထားတာကတော့ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်စဉ်ရော ဒီမိုကရေစီခိုင်မာစေရေး အတွက်ပါ လိုအပ်တယ်ဆိုတာပါ။ အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းတဲ့ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ပီရှုးနဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံတွေရဲ့ ဒီမိုကရေစီအပြောင်းအလဲ အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတွေဟာ နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ခွင့်အာဏာ မရှိပါဘူး သို့သော် ဒီမိုကရေစီအပြောင်းအလဲအတွက်နဲ့ ဒီမိုကရေစီခိုင်မာစေရေးအတွက် အထောက်အကူ အများကြီး ပေးပါတယ်။

ဒါပေမဲ့ ဒီအရပ်ဖက်အဖွဲ့အစည်းတွေအားလုံးကို အမြဲတမ်း အပေါင်းလက္ခဏာဆောင်တယ်လို့ ဆိုလို့မရပါဘူး။ တချို့ လူမျိုးစု ပဋိပက္ခရှိတဲ့နိုင်ငံတွေမှာ အနုတ်လက္ခဏာ ဆောင်သွားတာကိုလည်း တွေ့ရပါတယ်။ ယူဂိုဆလားဗီးယားပြည်ထောင်စုမှာ သက်ဆိုင်ရာလူမျိုးစုကို အခြေခံတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကြောင့် မျိုးဖြုတ်စစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲခဲ့တာလည်း ဒီသဘောတွေပါတာကို တွေ့ရပါတယ်။

တတိယကတော့ နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍပါ။ ပညာရှင်တွေကတော့နိုင်ငံရေးသမား သုံးမျိုးသုံးစား ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒါတွေကတော့ နိုင်ငံရေးကိုရေဆုံးရေဖျားမဟုတ်ပဲ အချိန်ပိုင်း ဝင်လုပ်တဲ့ အပျော်တမ်းနိုင်ငံရေးသမားရယ်၊ နိုင်ငံရေးအာဏာရဖို့အတွက် အဓိကထားပြီး လုပ်တဲ့ ပါဝါနိုင်ငံရေးသမားရယ်၊ နိုင်ငံရေးအတွက် တစ်ဘဝလုံးမြှုပ်နှံထားတဲ့ ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေပါပဲ။

ဒီမိုကရေစီအရေး ကြိုးပမ်းလှုပ်ရှားသူတွေထဲမှာ အပျော်တမ်းနိုင်ငံရေးသမားနဲ့ ပါဝါနိုင်ငံရေး သမားတွေက ဦးဆောင်မှုကဏ္ဍကနေ ကြိုးစားလှုပ်ရှားတတ်ပြီး တစ်ချို့က ဦးဆောင်မှု နေရာတွေကို ရယူထားနိုင်တတ်ကြပါတယ်။ ဒါပေမဲ့ ကြာရှည်မခံသူတွေပါ။ ချွင်းချက်အနေနဲ့ တစ်ချို့ကတော့ ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမား ဖြစ်လာကြတာတွေ့ရပါတယ်။ သို့သော် အင်မတန်ရှားပါတယ်။

ရေရှည်တည်တံ့ခိုင်မာတဲ့ ဒီမိုကရေစီစနစ်တစ်ခု ဖြစ်တည်လာဖို့ နိုင်ငံရေးပါတီအုပ်စု၊ အရပ်ဖက် အဖွဲ့အစည်းအုပ်စုနဲ့ နိုင်ငံရေးသမားအုပ်စုတွေဟာ အရေးကြီးလှပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကိုယ်စီ မည်သည့် အုပ်စုတွင်းမှာ ရောက်နေပါစေ ရေရှည်တည်တံ့ခိုင်မာတဲ့ ဒီမိုကရေစီဖြစ်တည်ဖို့အတွက် အရေးကြီးကြောင်းနှလုံးသွင်းဖို့လိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here