ခေါင်လန်ဖူးမြို့နယ် ကျေးရွာ(၄)ရွာတွင် သောက်သုံးရေရရှိရေး လွှတ်တော်တွင်ကြယ်ပွင့်ပြမေးခွန်းမေးမြန်း

1154

ဖေဖော်ဝါရီ ၁၅
ခေါင်လန်ဖူး မြို့နယ်ရှိ ကျေးရွာ(၄)ရွာတွင် သောက်သုံးရေ ခက်ခဲနေသဖြင့် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း ဆောင်ရွက်ပေးရန်အတွက် ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဦးအားခီဆာက “သောက်သုံးရေ အင်မတန်မှ ခက်ခဲတဲ့ ကျေးရွာများ ဖြစ်တယ်လို့ ပြည်သူများရဲ့ တင်ပြချက်အရ သိရှိရပါတယ်။ အမှန်တကယ်လည်း ၎င်းကျေးရွာ (၄) ရွာဟာ အဝေးကနေ ခက်ခက်ခဲခဲ ခပ်ယူသုံးစွဲနေရတာ ယနေ့အချိန်ထိ ဖြစ်ပါတယ်။ အစိုးရအနေဖြင့် စိမ့်စမ်းရေသွယ်ယူပေးပါက သောက်သုံးရေအတွက် အချိန်ကုန်ခံအပင်ပန်းခံစရာမလိုဘဲ အလွယ်တကူ လုံလောက်စွာရေသုံးစွဲနိုင်မှာ ဖြစ်ပြီးတော့ ယင်းကျေးရွာမှာရှိတဲ့ မိဘပြည်သူများလည်း ကျန်းမာရေးအတွက်၊ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

အဆိုပါ ကျေးရွာ(၄)ရွာမှာ ရမန်ချီကျေးရွာအုပ်စုရှိ လာတီးကျေးရွာ၊ ပလာဝါးတော်ကျေးရွာနှင့် ညီဝမ်ထန်ကျေးရွာအုပ်စုရှိ၊ တဆယ်ထုံကျေးရွာ၊ လုံးမခွမ်ဒမ်းကျေးရွာတို့ဖြစ်ပြီး သောက်သုံးရေ ရရှိရေးအတွက် ကျေးရွာတစ်ရွာတွင် ရေသွယ်လုပ်ငန်း(၁)မိုင်၊ ရေစုကန်(၁)ကန်စီခန့် စုစုပေါင်း ရေသွယ် လုပ်ငန်း(၄)မိုင်နှင့် ရေစုကန်(၄)ကန်တို့ကို မိဘပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းကို သက်ဆိုင်ရာမှ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းသည်လည်း ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်ဟု စိစစ်တွေ့ရှိရသည့်အတွက် ၂၀၁၈ -၂၀၁၉ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဖြည့်စွက်ကဏ္ဍ ရန်ပုံငွေ (သို့မဟုတ်) တင်ဒါပိုလျှံငွေတွင် ထည့်သွင်းလျာထားပေးနိုင်ရေး ကချင်ပြည်နယ်ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနသို့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်က တင်ပြထားပြီး ဖြစ်ပြီး ရန်ပုံငွေ ရရှိသည့်အပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။

“လွှတ်တော် ကိုယ်စားလှယ်(သို့မဟုတ်) ကိုယ်စားလှယ်ကတာဝန်ပေးတဲ့ လူတစ်ယောက်နဲ့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးတို့ လိုက်ပါပြီး ကွင်းဆင်းစစ်ဆေးခြင်း၊ ခန့်မှန်းကုန်ကျငွေ၊ လုပ်ငန်းခွင်အတွက် ရွှေ့ပြောင်းမည့် ပစ္စည်းများ အလွယ်တကူ သယ်ယူနိုင်မှုရှိမရှိ စိစစ်ခြင်း၊ ဒေသအတွက် အကျိုးပေးနိုင်သည့် အလားအလာ ကုန်ကျသည့် ငွေတန်ဖိုးအပေါ် စိစစ်ဆောင်ရွက်ခြင်းများ ဦးစွာဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးနေလင်းထွန်း ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

အဆိုပါ သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာ ၄ ရွာတွင် အိမ်ခြေ (၅၃) ခန့်ရှိပြီး လူဦးရေ (၄၀၀) နီးပါးခန့် ရှိကြောင်းလည်း သိရသည်။
Salai

LEAVE A REPLY

Please enter your comment!
Please enter your name here