မေ၊၂၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီတပ်ရင်း ၅၈ ရဲ့ ရှေ့တန်းကာကင်းစခန်းတစ်ခု လက်လွှတ်လိုက်ရပြီးနောက် ၅၈ တပ်ရင်းနဲ့ ဝူယန်တပ်စခန်းကနေ မနေ့က မေလ ၂၈ ရက် နေ့ ညအချိန်မှာ လက်နက်ကြီး/ငယ် အချိန်အတော်ကြာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့က လက်လွှတ်လိုက်ရတဲ့ ရှေ့တန်းကာကင်းစခန်းဟာ ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာအုပ်စုအတွင်း စခန်းချထားပြီး အဲဒီတပ်စခန်းမှာ ပြည်သူ့စစ်တပ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေ အင်အား ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
မနေ့ကမနက် ၈ နာရီလောက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ပေါင်းစုကနေ ၅၈ တပ်ရင်းရဲ့ အထက်ပါ ရှေ့တန်းကာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် အထက်ပါတပ်စခန်းဟာ မကြာသေးမီအချိန်ကမှ ခါးရှီရွာဘက်က ရွှေ့ပြောင်းလာတဲ့ တပ်သားတွေပါ စုပေါင်းနေထိုင်နေတဲ့ တပ်စခန်းဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“နောင်စီပေါမှာ ရှိတဲ့ စစ်ကောင်စီရဲ့ စခန်းငယ်တစ်ခုကို သိမ်းလိုက်ပြီ။ ၅၈ ရဲ့ ကာကင်းစခန်းတစ်ခုလည်း ဟုတ်တယ်။ ပြည်သူ့စစ်တွေရော ပေါင်းပြီးနေနေတာ“လို့ ဆိုပါတယ်။
KIA ကနေ မနေ့က စခန်းသိမ်းအပြီး စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူခဲ့တဲ့သလို လေယာဉ်တစ်စင်းပါ ပျံဝဲခဲ့တယ်လို့လည်း သိရပါတယ်။
မနေ့ ည ၈ နာရီအချိန်လောက်ကနေ စပြီး ၅၈ တပ်ရင်းဘက်ကနေ စခန်းလက်လွှတ်လိုက်ရတဲ့ နောင်စီပေါကျေးရွာဘက်သာမက ရွှေညောင်ပင်ကျေးရွာဘက်ကိုပါ ဦးတည်ပြီး လက်နက်ကြီး/လက်နက်ငယ် အချိန်အတော်ကြာ ပစ်ခတ်ခဲ့တယ်လို့ ဝိုင်းမော်မြို့နယ်အတွင်းက ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။
“KIAဘက်က သွားပစ်တာတော့ မဟုတ်ဘူး။ ၅၈ တပ်ရင်းကနေ ပစ်နေတာ။ ရမ်းသန်းပစ်တာပေါ့။ ရွှေညောင်ပင်၊ နောင်စီပေါဘက် ပစ်ကြတာ။ ပစ်လိုက်၊ ရပ်လိုက် လုပ်နေကြတာ။ ရွာထဲ ကျတာလား။ တောထဲကျတာလားတော့ မသိဘူး“လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း ၅၈ တပ်ရင်းဘက်ကသာမက ဝူယန်ပြည်သူ့စစ်ဂိတ်ကနေပါ လက်နက်ကြီး/ငယ် ပစ်ကူတာတွေ ရှိခဲ့ပြီး ပစ်မှတ် ဦးတည်ချက်ဟာ နောင်စီပေါကျေးရွာဘက်လို့ ယူဆရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နောင်စီပေါကျေးရွာအတွင်းက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိနေတယ်လို့ ပြောဆိုနေကြပေမဲ့ နေအိမ်ဘယ်နှစ်လုံး ထိခိုက်ပျက်စီးသွားပြီ ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေကို မြစ်ကြီးနားသတင်းဂျာနယ် အနေနဲ့ ဆက်လက် စုံစမ်းနေဆဲလည်း ဖြစ်ပါတယ်။
ဝိုင်းမော်-လိုင်ဇာ လမ်းမတစ်လျှောက်မှာ ဝိုင်းမော်-ခါးရှီ-နောင်စီပေါ-အင်းလေး -အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာပါ။
လက်ရှိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံးကို KIA ကနေ သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
အဲဒီလို နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဝိုင်းမော်မြို့ပေါ်နေ ပြည်သူတွေသာမက အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေဆီ ထွက်ပြေးခိုလှုံနေကြပါတယ်။