ဧပြီ၊၁၃
ဗေဒင်ပညာအရ ညှပ်သတ်ကိန်းဖြင့် စစ်အာဏာရှင်စနစ်ကျရှုံးရန် နာမ်နှိမ်သည့် လှုပ်ရှားမှု တစ်ခုအား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်တစ်ခုရှိ မိခင်အချို့က ပြုလုပ်ခဲ့ကြသည်။
လှုပ်ရှာမှုးတွင်ပါဝင်ခဲ့သည့် မိခင်တစ်ဦးက “ကျမတို့ နိုင်ငံမှာ ကလေးတွေကို ရက်စက်စွာ သတ်ဖြတ်နေမှုကို ခံပြင်းတဲ့ စိတ်နဲ့ ဒီအာဏာရှင်စနစ်ကျရှုံးအောင် မင်းအောင်လှိုင် နာမည်ကို ငရုပ်ဆုံထဲ အုတ်၊သဲ၊ ငရုပ်သီးတို့နဲ့ရောထောင်းပြီး နာမ်နှိမ်အောင် လုပ်ဆောင်ဖြစ်ပါတယ်”ဟု ပြောသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ တစ်ဦးကလည်း” ဖေဖော်ဝါရီ ၁ရက်က စပြီး အိပ်မနိုင်၊ စားမပျော်ပဲ ရင်ထဲမှာ ပူဆွေးသောကတွေနဲ့ ကျွန်မမွေးထားတဲ့ သား၊ သမီးတွေမကဘူး။ တစ်နိုင်ငံလုံးက ကလေးတွေရဲ့ အနာဂါတ် ပျောက်ဆုံးသွားတာကို မချိမဆံ့ ခံစားရတယ်။ ဒီမိုကရေစီ တိုက်ပွဲမှာ အသက်ပေးခဲ့တဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ထပ်တူ နေ့တိုင်းပူဆွေး ဝမ်းနည်းနေရပါတယ်”ဟု ဆိုသည်။
နေ့စဉ်ရက်ဆက် ဒီမိုကရေစီတိုက်ပွဲဝင်နေသော လူငယ်များကို အားပေးနေကြောင်း၊ အောင်မြင်မှု ပန်းတိုင်နှင့် နီးစပ်နေပြီဖြစ်သောကြောင့် လုံးဝ ဇွဲမလျှော့ကြရန်၊ အားတင်းထားရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် “အရေးတော်ပုံ အောင်တော့မည်ဟု” သုံးကြိမ်တိုင်တိုင် ကြွေးကြော်ပြီး လှုပ်ရှားမှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြသည်။







