မြစ်ကြီးနား၊ သြဂုတ် ၁၀
လက်ရှိ အစိုးရသက်တမ်းအတွင်း နောက်ဆုံးအကြိမ် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ရာစု ပင်လုံ) အစည်းအဝေးကို လာမည့် သြဂုတ်လ (၁၉) ရက်နေ့မှ (၂၁) ရက်အနေ့အထိ (၃)ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မူလက သြဂုတ်လ (၁၂)ရက်နေ့မှ(၁၄)ရက်နေ့အထိ ကျင်းပရန် ဆုံးဖြတ်ထားသော်လည်း ရန်ကုန်မြို့၌ ဇူလိုင်လ (၂၆) ရက်နေ့မှ (၄)ရက်သာပြုလုပ်သည့် အလုပ်အဖွဲ့အစည်းအဝေးတွင် ညီလာခံ ကျင်းပမည့်ရက်ကို ရက်တစ်ပတ် နောက်ဆုတ်ကာ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ရက်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းသည် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်း ကြောင့် မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အဖွဲ့ဝင် ဒေါက်တာတူးဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“သြဂုတ်လထဲမှာတော့ သေချာပါတယ်။ တလောက ကျင်းပမယ့်ရက်ကို တစ်ခါရွေးကြသေးတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အီးအေအို၊ နိုင်ငံရေးပါတီတွေ စုဖွဲ့ပြီး တစ်ခုရွေးကြတယ်။ သြဂုတ်လ (၁၂၊ ၁၃၊ ၁၄)ဆိုပြီးရွေးတယ်။ ဒါပေမဲ့ နောက်ပိုင်း အီးအေအိုက အဖွဲ့တချို့က ကိုယ်စားလှယ်တွေက ရန်ကုန်နဲ့နေပြည်တော်မှာ ဆွေးနွေးတဲ့ဟာကို သူတို့အဖွဲ့အစည်းမှာလည်း တင်ပြပြီး အတည်ပြုချက် ရယူရမယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ သတ်မှတ်တဲ့ရက်က မဖြစ်တော့။ ဒါပေမဲ့ အခုသူတို့ ပြန်ဆွေးနွေးပြီး သတ်မှတ်တာက သြဂုတ်လ (၁၉၊ ၂၀၊ ၂၁)သုံးရက်ပြန်ပြီး သတ်မှတ်တယ်။ ဒါကတော့ သေချာပြီးလို့ ပြောလို့ရတယ်။ အဲ့ဒီလို ရက်ရွှေ့တာက တခြား ဘာပြဿနာပေါ်လို့တော့ မဟုတ်ပါဘူး။ ဒီတစ်ခေါက်ကတော့ သြဂုတ်လမှာ သေချာပါတယ်”ဟု ဒေါက်တာတူးဂျာက ပြောသည်။
စတုတ္ထအကြိမ် ညီလာခံ ကျင်းပရေးအတွက် (၈)ကြိမ်မြောက် JICM အစည်းအဝေးအရ ၂၀၂၀ ပထမ(၄)လတာ ကာလအတွင်း၌ ကျင်းပရန် ဆုံးဖြတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြာင့် ကိုဗစ်နိုင်တင်း ကာလ ဖြစ်ပွားခဲ့သည့်အတွက် ရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ (၁)ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောဆိုထားသည်။
“ညီလာခံကျင်းပရေး ကိစ္စကတော့ (၈)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အတိုင်းလုပ်ဖို့ ဆုံးဖြတ်ထားပေမယ့် အကြောင်းကြောင်းကြောင့် ကိုဗစ်တွေဖြစ်တော့ နောက်ဆုံးဆုတ်ဖို့ ဆုံးဖြတ်ထားတယ်။ ပြီးရင် ဒီလ သြဂုတ်လ (၁၂ ၊ ၁၃ ၊ ၁၄)မှာ ကျင်းပမယ်လို့ လျာထားတာရှိတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရန်ကုန်မှာ (၄)ရက် ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့ အစည်းအဝေးမှာ ညီလာခံကျင်းပမယ့်ရက်ကို နောက်ဆုတ်ပြီး (၁၉) ရက်က စပြီး ကျင်းပဖို့ လျာထားခဲ့ကြတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ရှိတဲ့အတွက် ဒီထက်တော့ နောက်ဆုတ်လို့ မရဘူး”ဟု ဦးဇော်ဌေးက ပြောသည်။
အစိုးရနှင့် အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (ြျွဏဃ)၌ သြဂုတ်လ (၁) ရက်နေ့က ကျင်းပခဲ့သည်။ ထို အစည်းအဝေးသည် (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်ကျင်းပနိုင်ရေးအတွက် အရေးကြီးသည့် အစည်းအဝေးဖြစ်သည်။
ယခု ကျင်းပမည့် ညီလာခံတွင် တက်ရောက်ရန် NCA လက်မှတ်မထိုးသေးသော မြောက်ပိုင်း အဖွဲ့ကလည်း စာတင်ထားခြင်းများရှိပြီး ယင်းအပေါ်တွင် အစိုးရနှင့် တပ်မတော်ဘက်ကလည်း လိုက်လျောပေးနိုင်ရန် အနေအထားရှိနေပြီး လေ့လာသူအနေဖြင့် တက်ရောက်လာနိုင်ဖွယ် ရှိကြောင်း ဒေါက်တာတူးဂျာက ဆက်လက်ပြောသည်။
“အားလုံး ပါဝင်ရေးကို လိုလားတာကို။ အန်စီအေမထိုးသေးတဲ့ မြောက်ပိုင်းအဖွဲ့ပေါ့ သူတို့လည်း တက်ရောက်ချင်တယ်ဆိုပြီး စာတင်ထားတာရှိတယ်။ အဲ့ဒီအပေါ်မှာ တစ်ဖက်က အစိုးရဖက်ကရော၊ တပ်မတော်ဖက်ကရော လိုက်လျောပေးနိုင်ဖို့ အနေအထားရှိပါတယ်။ ကျွန်တော့်အထင်ကတော့ မြောက်ပိုင်းအဖွဲ့လည်း တက်ရောက်နိုင်မှာပါ လေ့လာသူအနေနဲ့။ တက်ရောက်နိုင်မယ်လို့လည်း ကျွန်တော်ယုံကြည်မိပါတယ်။ တက်လည်း တက်ရောက်နိုင်ကြပါစေ”ဟု ၎င်းက ဆိုသည်။
ယခု ကျင်းပမည့် ပင်လုံညီလာခံတွင် ကျန်ရှိနေသည့် မချမှတ်ရသေးသော ဖယ်ဒရယ်မူများကို ဆက်လက်ချမှတ်သွားရန်၊ ပြည်ထောင်စု သဘောတူညီချက်စာချုပ် အဆင့်(၃)ကို ထပ်မံ ရေးဆွဲ အတည်ပြုရန်လည်း ပါရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေး ပါတီများအဖွဲ့ဝင် ဒေါက်တာတူးဂျာက ဆိုသည်။
ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းစဉ် ပိုမို အောင်မြင်မှု ရရှိရန် တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ EAO၊ နိုင်ငံရေးပါတီများ အားလုံး လက်တွဲညီညီဖြင့် ညီလာခံတက်ရောက်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားနိုင်ရေး အရေးသည် အဓိကဖြစ်ကြောင်း ဒေါက်တာတူးဂျာက ဆိုသည်။
(၂၁)ရာစုပင်လုံတတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး စတုတ္ထအကြိမ် ညီလာခံကို လက်ရှိအချိန်ထိ ကျင်းပနိုင်ခြင်းမရှိဘဲ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ် ညီလာခံနောက်ဆုံးနေ့တွင် အစည်းအဝေးရလဒ် သဘောထား ထုတ်ပြန် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ထဲ၌ နောက်ထပ် ညီလာခံများကို ၂၀၁၈ ခုနှစ်အတွင်းတွင် နောက်ထပ်တစ်ကြိမ်ကျင်းပနိုင်ရေးနှင့် ၂၀၁၉ ခုနှစ်တွင် (၂)ကြိမ်ကျင်းပနိုင်ရန် ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၂)အဖြစ်၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍ(၄)ထဲမှ အချက်ပေါင်း(၃၇)ချက် သဘောတူခဲ့ကြပြီး တတိယအကြိမ် ညီလာခံတွင် (၁၄)ချက်ကို ထပ်ပြီး သဘောတူနိုင်ခဲ့သည်။ ပြည်ထောင်စု သဘောတူစာချုပ်တွင် အချက်ပေါင်း (၅၁) ချက်ကို ထည့်သွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
Salai/Benadeth







