ဆင်ဂတ်တောင်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

552

ဖေဖော်ဝါရီ၊၁၉

ပူတာအိုမြို့နယ်၊ အင်စီယန်ကျေးရွာအနီးရှိ ဆင်ဂတ်တောင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ညနေ (၂)နာရီမှ ည(၉)နာရီ ဝန်းကျင်ခန့်အထိ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့ညနေ(၃)နာရီအချိန်မှာ စတင်ပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်နေကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မနေ့ည(၂)နာရီကနေ ဒီမနက်ထိ ဖြစ်နေသေးတယ်။ အခုပြန်ဖြစ်နေပြီ။ လက်နက်ကြီးသံတွေရော ဆက်တိုက်ကြားနေရတယ်။ ရွာအနီးတွေမှာ လက်နက်ကြီးတွေ ကျတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေသည့် အခြေအနေကြောင့် ‌ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါ ဆင်ဂတ်တောင်မှာ အကြမ်းဖက်စစ်ကောင်စီမှ ခလရ (၄၆)တပ်ရင်း တပ်စွဲရာနေရာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်မဟာ (၁) အောက်၊ တပ်ရင်း (၇) တို့ တည်ရှိရာ နေရာလည်း ဖြစ်သည်။

ပူတာအိုမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဖေဖော်ဝါရီလ(၁) ရက်နေ့က ဆွမ်ပီယန်နှင့် လုံရှာယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်ကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here