ဖေဖော်ဝါရီ၊၁၁
ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအနီးတစ်ဝိုက်တွင် လက်နက်ကြီးပစ်ခတ်သံပြန်ကြားနေ၍ ဒေသခံများ အိမ်ပြန်မရဘဲ တောင်၊ တောင်များကြား၌ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သောကြောင့် နေထိုင်စားသောက်ရေးအတွက် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁) ရက်နေ့က ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့သည့် ဆွမ်ပီယန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

လက်ရှိ ရွာအနီးတစ်ဝိုက်များတွင် နေ့စဉ် လက်နက်ကြီး ပစ်ခတ်သံများ ထပ်မံကြားနေသောကြောင့် ဆက်လက်တိမ်းရှောင်နေရကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
” ခုရောလက်နက်ကြီးတွေ ပစ်နေတုန်းပဲ။ ဆင်မ်ကပ်တောင်က စစ်စခန်းနားမှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ပဲ ထုနေကြတယ်။ နေ့တိုင်းပေါ့။ ခုလောလောဆယ်တော့ လက်နက်ငယ်တွေနဲ့ ပစ်တာတွေတော့မရှိသေးဘူး။ နီးနီးကပ်ကပ်နေပြီး လက်နက်ကြီးတွေနဲ့ပဲ ပစ်နေကြတယ်။ စစ်ကောင်စီစခန်းကို KIA နဲ့ PDF က ဝိုင်းထားပြီး နေ့တိုင်း လက်နက်ကြီးတွေနဲ့ပဲ ပစ်နေကြတာ။ ဒီမနက်ကနေ ခုထိတော့ (၅) ချက် (၆) ချက်လောက်ရှိပြီ။ ညမှာတော့ မပစ်ကြဘူး” ဟု ဒေသခံက ဆိုသည်။
ဘေးလွတ်ရာ တော၊တောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြရသည့် ပြည်သူထောင်ချီသည် နေရာထိုင်ခင်းများ နှင့် စားရေးသောက်ရေး ခက်ခဲမှုများ ရှိနေကြောင်းလည်း သိရသည်။
ပူတာအိုမြို့နယ်တွင်းရှိ လုံရှာယန်ကျေးရွာ၊ ဆွမ်ပီယန်ကျေးရွာ နဲ့ အင်စီယန်ကျေးရွာများတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့က အကြမ်းဖက်စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက် တပ်တိုက်ပွဲများကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်မှာ (၁၀) ရက်ခန့် ရှိပြီဖြစ်သည်။







