ဇူလိုင် ၂၈
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသော ကာလဖြစ်နေသေးသည့် အတွက် ညမထွက်ရအမိန့်ကို ရုတ်သိမ်းခြင်း မရှိသေးခြင်းကြောင့် သတိထားသွားလာကြရန် မြစ်ကြီးနားမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
ညမထွက်ရ အမိန့်ကို ည (၁၂)မှ နံနက် (၄)နာရီအထိ အိမ်အပြင်မထွက်ကြရန် အစိုးရမှ ထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိသူများကို အရေးယူနေရဆဲဖြစ်သည်ဟု ဦးသန်းဝင်းက ပြောသည်။
“ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ကျန်းမာရေးဂရုစိုက်ဖို့လည်း လိုအပ်သလို စီးပွားရေးအရ အားလုံးဟာ ကျဆင်းနေတာ ဖြစ်တဲ့အတွက် ခိုးဆိုးလုနှိုက်တွေ မဖြစ်ပေါ်အောင် ထိန်းချုပ်ထားတဲ့အတွက် ဒီအပေါ်မှာ သတ်မှတ်ထားတဲ့ ည(၁၂)ကနေ မနက် (၄) နာရီအထိ မထွက်ဖို့ ပြောချင်တယ် ထွက်လို့ တွေ့လို့မှ မေးပြီး အကြောင်း တစ်စုံတစ်ရာမပြောနိုင်ဘူးဆိုရင် အရေးယူမှာဖြစ်ပါတယ်”ဟု ဦးသန်းဝင်းက ဆိုသည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ညစဉ် သက်ဆိုင်ရာ နယ်မြေလိုက် ကင်းပတ်ကာ အချိန်ကျော်လွန်ပြီး သွားလာနေသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး အရေးယူထားသူများလည်းရှိကြောင်း သိရသည်။
“အခုလက်ရှိ ထောင်ချထားတဲ့ဟာက (၁၀၂) ယောက်ရှိတယ်။ နောက်ထပ် အရေးယူတာတွေ ရှိဦးမှာ ဖြစ်တယ်”ဟု ဦးသန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ကိုရိုနားဗိုင်းရပ်စတင် ပြန့်ပွားခဲ့ချိန်တွင် ညမထွက်ရအမိန့်ကို ည(၁၀)မှ နံနက်(၄)နာရီ သတ်မှတ်ခဲ့ရာမှ ည (၁၂)နာရီ မှ (၄) နာရီအတွင်း အပြင်မထွက်ကြရန် ပြန်လည်ဖြေလျှော့ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျုးလွန်မည်ဆိုပါက ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ငါးသောင်း ချမှတ်ခံရမည် ဖြစ်သည်။
အက်စတာ







