ည်နယ်အစိုးရ၏ အလွဲများနှင့် ပြည်နယ်စာရင်းစစ်၏ စစ်ဆေးတွေ့ရှိချက်

1838

ဖေဖော်ဝါရီ ၄
ကချင်ပြည်နယ် အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ပြည်နယ်စာရင်းစစ်ချုပ်က လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့သည့် ကချင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည့် ယင်းအစီရင်ခံစာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း မလိုက်နာဘဲ လုပ်ဆောင်ခြင်း၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ လုပ်ငန်းပြီးစီးမှုမရှိဘဲ ငွေထုတ်ယူခြင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်းအသုံးစရိတ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန အမိန့်ကြော်ငြာစာအမှတ် – ၃၅/၂၀၁၇ နှင့်အညီ သုံးစွဲမှုမရှိခြင်း၊ နိုင်ငံပိုင်ငွေ/ပစ္စည်းနစ်နာ ဆုံးရှုံးမှုစသည့် စစ်ဆးတွေ့ရှိချက်များ ပါရှိသည်။

ယင်းအပြင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဌာနဆိုင်ရာ ရငွေများကို ဘဏ်သို့ ပေးသွင်းမှုမရှိဘဲ ထိန်ချန်ထားခြင်း၊ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေမှ ဘတ်ဂျက် ခွဲဝေမပေးဘဲ ဆောင်ရွက်သည့် လုပ်ငန်းများ စစ်ဆေးတွေ့ရှိချက်များလည်း အစီရင်ခံစာတွင် ပါဝင်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခြင်း ခံထားရသည့် ဗန်းမော် – မိုးမောက် – မြစ်ကြီးနားလမ်းပိုင်းတွင် Power Five Stars ကုမ္ပဏီကို တန်ဖိုးကျပ်သန်း ၁၁၀၀၇ ဒသမ ၀၀၉ ကျော်သုံးစွဲရမည့် လုပ်ငန်းကြီး(၇)ခုကို တာဝန်ပေးခဲ့ရာ ယင်းအနက်မှ ငွေလုံးငွေရင်းလုပ်ငန်း နှစ်ခုဖြစ်သည့် မန္တလေး-လားရှိုး-ဗန်းမော် – မြစ်ကြီးနား – ဒေါ့ဖုန်းယန် လမ်းပိုင်းတွင် ကွန်ကရစ် ဘေးဘောင်နှစ်ဘက် ပြုလုပ်မှုအတွက် ကျပ် ၇၆၁၁ သန်းနှင့် မိုးမောက်-ဒေါ့ဖုန်းယန် အပိုင်းတွင် ကျောက်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းကို ကျပ် ၈၆၂ သန်းဖြင့် ဆောက်လုပ်ခဲ့ပြီး ၂၀၁၈ အောက်တိုဘာလ ၅ ရက်နေ့ စစ်ဆေးချက်အရ ၇၅ ရာခိုင်နှုန်းသာ ပြီးစီး၍ လုပ်ငန်းအားလုံး အပ်နှံနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။


“မေးမြန်းချက်အရ အခုအစီရင်ခံ တင်ပြချိန်မှာတော့ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီလို့လမ်း ဦးစီးဋ္ဌာနက ပြန်ကြားချက်အရ သိရှိရတယ်လို့ တင်ပြအပ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ရွှေကူအထိ ကားနဲ့သွားတဲ့အခါ အဲဒီမှာကြည့်တဲ့ အခါကျတော့ ပါဝါဖိုက်စတားက လုပ်ထားတဲ့လမ်းဟာ ၉၀ ရာခိုင်နှုန်းပြီးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်အနေနဲ့ သုံးသပ်ပါတယ်။ လမ်းဘေးရေမြောင်းတွေ လုပ်ထားတဲ့ ကိစ္စတွေကလည်းပဲ Point of View ကနေကြည့်ရင်တော့ ပြောစရာတွေ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ပြည်နယ်လွှတ်တော်တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ ရှေ့မှောက်တွင် စာရင်းစစ်ချုပ် ဦးတင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယင်းလမ်းပိုင်းရှိ အချို့နေရာများ၌ ချောက်ကမ်းပါးအစပ်တွင် ဖို့မြေများ အသားမကျ သေးခြင်းကြောင့် မိုးတွင်းအခါတွင် မြေပြိုနိုင်ပြီး လမ်းများ ပျက်စီးနိုင်ကြောင်း၊ မြေထိန်းနံရံများဖြင့် စနစ်တကျ လုပ်ဆောင်သင့်ကြောင်း၊ အချို့နေရာများတွင် ရေလမ်းကြောင်း ထွက်ပေါက်များ ပြုလုပ်မထားသည်ကို တွေ့ရှိရကြောင်းလည်း ဦးတင်လှိုင်က တွေ့ရှိချက်များကို ထောက်ပြပြောဆိုခဲ့သည်။

အထက်ပါ လမ်းပိုင်း ကတ္တရာလမ်း ခင်းကျင်းရန် ဆောင်ရွက်မှုကို ပြည်နယ်လွှတ်တော်၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်ရမည် ဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ – ၂၅၁ အရသော်လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၃၊ ၃၄၊ ၃၅ အရသော်လည်းကောင်း ကချင်ပြည်နယ် လွှတ်တော်သို့ တင်သွင်းခြင်းမရှိခဲ့သလို အတည်ပြုချက် ရယူခြင်းလည်း မရှိခဲ့ဟုဆိုကာ ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနကို အရေးယူပေးရန် မြစ်ကြီးနားမှ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် လမ်းပိုင်း ဖြစ်ကြောင်းလည်း သိရသည်။

အစီရင်ခံစာတွင် ဝန်ကြီးဋ္ဌာန ၇ ခုအတွက် ကျပ်သန်း ၅၀၀ ခန့်် (၄၉၇ ဒသမ ၆၁၉) အကုန်အကျခံ ဝယ်ယူထားသော VIP ယာဉ် ၇ စီး၏ ပိုင်ဆိုင်မှု အမည်မှာလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ အမည်ပေါက် ဖြင့် ဝယ်ထားခြင်းမဟုတ်ဘဲ ဝန်ကြီးဌာနအမည် သို့မဟုတ် အခြားအမည်တို့ဖြင့် ဝယ်ယူထားသည်ကို တွေ့ရသဖြင့် ပြည်နယ်အစိုးရ အမည်ပေါက်အဖြစ် ပြင်ဆင်ရန် အကြုံပြုခဲ့ကြောင်းလည်း သိရသည်။

၎င်း ယာဉ် ၇ စီးအနက် ၄ စီးသည် ငွေစတင်ထုတ်ယူသည့်ရက်မှ တစ်လကျော်နှင့် ၆ လကျော် ကြာမြင့်ချိန်အထိ ချက်ချင်းဝယ်ယူခြင်းမပြုသည်ကို တွေ့ရှိရကြောင်း၊ ယာဉ်တစ်စီးကိုမူ ဘဏ္ဍာနှစ် ကျော်လွန်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယာဉ်သုံးစီးဝယ်ယူမှုမှ ပိုလျှံငွေကိုလည်း ဘဏ္ဍာရေးနှစ်အတွင်း ပြည်လည် အပ်နှံခြင်းမပြုဘဲ ဘဏ္ဍာရေးနှစ် ကျော်လွန်မှ ဌာနထုတ်ငွေစာရင်းသို့ ပေးသွင်းခဲ့ထားခြင်းမှာ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း ဥပဒေများကို ချိုးဖောက်ရာရောက်သဖြင့် နောင်အခါတွင် ပြဋ္ဌာန်းချက်များကို တိတိကျကျ လိုက်နာရန်လည်း အကြုံပြုထားကြောင်း သိရသည်။

ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်အတွင်းရှိ ကချင်ပြည်နယ်အစိုးရရုံး အပါအဝင် ဋ္ဌာနပေါင်း ၈ ခုမှ ငွေလုံးငွေရင်းရန်ပုံငွေလုပ်ငန်း ၂၀၅ ခု၊ သာမန် ရန်ပုံငွေလုပ်ငန်း ၅၃ ခုနှင့် အရေးပေါ်ရန်ပုံငွေ ၄ ခု၊ လုပ်ငန်းစုစုပေါင်း ၂၆၂ ခုကို ဆောင်ရွက်စေခဲ့ကြောင်းလည်း သိရသည်။

ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းပေါင်း ၂၀၅ ခုအနက် ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်သည့် လုပ်ငန်းပေါင်း ၈၀ ခု ပါဝင်ပြီး အထွေထွေ ပိုလျှံရန်ပုံငွေ (GRF)မှ ရရှိသည့် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်း ၁၁ ခု ကျပ်သန်းပေါင်း ၄၃၀၀ ကျော် (၄၃၈၇ ဒသမ ၈၁၀) အား လုပ်ငန်းတင်ဒါ ခေါ်ယူခြင်းမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့၏၂၀၁၇ နိုဝင်ဘာလ ၂၃ ရက်စွဲပါ အစည်းအဝေးအမှတ် (၃၅/၂၀၁၇)အရ ဆုံးဖြတ်ပြီး လုပ်ငန်းအပ်နှံ ကြိုတင် ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ လုပ်ငန်း ၁၁ ခုကို အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဘဏ္ဍာရေးခွင့်ပြုမိန့်မရရှိဘဲ ကြိုတင်ဆောင်ရွက်ခဲ့သည့် အပြင် မူလစီမံကိန်း လျာထားချက်တွင် ပါဝင်ခြင်း မရှိသော လုပ်ငန်းများ၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးခါနီး (ခွင့်ပြုရန်ပုံငွေ ရရှိချိန်ထိ) တင်ဒါခေါ်ယူထားခြင်း မရှိသည့် လုပ်ငန်းများ ဖြစ်သောကြောင့် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်စွဲပါစာအမှတ်၊ စဘ/ဘဏ္ဍာ-၄/၁/၁ (၁၇၁၉) အရ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခွင့် မရှိသည့် လုပ်ငန်းများအဖြစ် စိစစ်တွေ့ရှိရသော်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုထားသည်ကို တွေ့ရကြောင်းလည်း ဖော်ပြပါရှိသည်။

ပြည်နယ်စာရင်းစစ်ချုပ် တင်သွင်းခဲ့သည့် အဆိုနှင့်ပတ်သက်ပြီး တနိုင်းမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ စီမံကိန်းဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အမှားအယွင်းများကို လွှတ်တော်တွင် ထောက်ပြ ဆွေးနွေးခဲ့သည်။

“ကချင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်တာဝန်ပေးအပ်တဲ့ တည်/ကော်အဖွဲ့ ရှိပါလိမ့်မယ်။ တာဝန်အပ်နှင်းခံရတဲ့ ဝန်ကြီး သို့မဟုတ် ပြည်နယ်အဆင့် တည်/ကော် အဖွဲ့အစည်းမှ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ မည်ကဲ့သို့သော စိန်ခေါ်မှုများရှိနေသလဲဆိုတာ ဤလွှတ်တော်ကို ရှင်းပြပေးဖို့ ဥက္ကဋ္ဌကြီးမှ တစ်ဆင့် တောင်းဆိုပါတယ်”ဟု ဦးဇော်ဝင်းက ဆွေးနွေးသည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသည် အထက်ပါလဆွေးနွေးချက်များကို ပြည်နယ်အတွင်း တည်ဆောက် ရေးလုပ်ငန်းများ နိုင်ငံတော်ဘဏ္ဍာ အလေအလွင့် ဖြစ်နေခြင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်ကာ ပြည်နယ်စာရင်းချုပ်၏ အစီအရင်ခံစာအရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် ကိုယ်စားလှယ်၏ အခန်းကဏ္ဍ ဖြစ်သည့် ကိုယ်စားပြုခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းနှင့် ဃ့နခု ညေိ ြေူညေခန အားနည်းနေသေးကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။

ပြည်နယ်စာရင်းစစ်ချုပ် အစီအရင်ခံစာနှင့် ပတ်သက်ပြီး နောင်မွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်နှင့် ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ KSDP လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲတို့က ထောက်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးလွှတ်တော်ဥက္ကဋ္ဌမှ မှတ်တမ်းတင်အဖြစ် ထားရှိပေးခဲ့သည်။
ယင်းကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်နေမှုများသည် လုပ်ပိုင်ခွင့်ရှိသည်ထက်ပိုပြီး ဘောင်ကျော်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဥပဒေပညာရှင်အချို့က သုံးသပ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာ တွေ့ရသလို ဝန်ထမ်းတွေရဲ့ ဥပဒေ ချိုးဖောက်တာကိုလည်း တွေ့ရှိရတယ်။ ပြီးရင်လည်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တာကိုလည်း တွေ့ရှိရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရင် ပိုပြီးသင့်လျော်မယ်လို့ ထင်တယ်”ဟု လွှတ်တော်သို့ လေ့လာရေးအဖြစ် တက်ရောက်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ထောက်ပြဝေဖန်သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခွင့်ရရှိကြသည့် တည်ဆောက်ရေးလုပ်ငန်းများကို ပုံမှန်စစ်ဆေးရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တည်/ကော်၏ အတည်ပြုချက်ရယူထားပြီးဖြစ်ခြင်းနှင့် လုပ်ငန်းရာခိုင်နှုန်း ပြီးစီး၍တရားဝင် လွှဲပြောင်းလက်ခံထားပြီး ဖြစ်ခြင်း စသည့် အချက်နှစ်ချက်နှင့် ကိုက်ညီမှသာ စာရင်းစစ်ခြင်းနှင့် မျက်မြင် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြရပြီး ကချင်ပြည်နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်းက အထက်ပါ အချက်နှစ်ချက်နှင့် ကိုက်ညီမှု မရှိခဲ့သောကြောင့် ဌာန(၁၃)ခုမှ လုပ်ငန်းပေါင်း (၂၁၃)ခုကို စစ်ဆေးမှု မပြုနိုင်ခဲ့ကြောင်းလည်း သိရသည်။
စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here