တစ်သျှူးငှက်ပျောခြံအနီးရှိ နန့်မြစ်ခချောင်းတွင် ငါးများသေဆုံးမှုနှင့် ပတ်သက်၍ ဒေသခံများမကျေနပ်

1775

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄

ဝိုင်းမော်မြို့နယ် အောင်မြေ(၂)ကျေးရွာ တရုတ်တစ်သျှူးငှက်ပျော်ခြံအနီးရှိ နန့်မြစ်ခချောင်းတွင် ငါးများ အကြောင်းအရင်းမရှိ သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ချောင်းအတွင်းရှိ ငါးများ အကြောင်းမဲ့သေဆုံးမှုသည် ချောင်းအနီးရှိ တရုတ်တစ်သျှူး ငှက်ပျောခြံတွင် အသုံးပြုသော  ပိုးသတ်ဆေးများ ချောင်းအတွင်းသို့ ယိုဖိတ်မှုကြောင့် ဖြစ်နိုင်ကြောင်း အောင်မြေ(၂)ကျေးရွာ ဒေသခံများက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီဟာကျတော့ ကုမ္ပဏီက လုပ်သလား၊ ကြားက အလုပ်သမားလုပ်သလား ကျွန်တော်တို့လည်း ကောင်းကောင်းမသိဘူး။ ကျွန်တော်တို့ဒေသမှာ ကျွန်တော်တို့ မှီခိုနေတဲ့ချောင်းကို ဒီတိုင်း ရက်ရက်စက်လုပ်လိုက်တာ ကျွန်တော်တို့ ဒေသခံတွေက လုံးဝမကျေနပ်ဘူး။ ဒါကအင်မတန်မှ စွမ်းတဲ့ဆေး ခတ်တယ်လို့ပဲကျွန်တော်တို့ယူဆတယ်ဟု “ဦးလဂွေတိန့်ယိန်းက ပြောသည်။

 

ဒေသခံများက နန့်မြစ်ခချောင်းကို စိုက်ပျိုးမွေးမြူရေးအတွက်  အဓိကအသုံးပြုနေရပြီး ချောင်းအတွင်းရှိ ငါးများ မျိုးတုံးသွားရုံသာမက ချောင်းရေများ အသုံးပြု၍ မရတော့ပါက အခက်အခဲများ ရှိလာနိုင်ကြောင်းနှင့် ချောင်းရေကို သောက်သုံးနေကြသော တိရစ္ဆာန်များအတွက်လည်း အန္တရာယ်ရှိလာနိုင်ကြောင်း ဦးလဂွေတိန့်ယိန်းက ဆက်လက်ပြောသည်။

“ကျွန်တော်တို့တွေက အခင်းသွားပြီဆိုရင်လည်း ဒီချောင်းကိုပဲ အသုံးပြုနေကြရတာ။ အရင်ကဆိုရင် ငါးတွေကအများကြီးပဲ။ အခုကရေထဲကငါး မပြောနဲ့ မြေတွင်းမှာနေတဲ့ ငါးရှဉ့်တွေ၊ ဂဏန်းတွေကအစ အကုန်သေပြီ။ ရေလည်း အရမ်းနံတယ်။ ရေလာသောက်တဲ့ နွားတွေတောင် အသက်အန္တရာယ် စိုးရိမ်ရတယ်”ဟု ၎င်းက ပြောသည်။

အောင်မြေ(၂) ကျေးရွာရှိ ဒေသခံများသည် ငွေကြေးအခက်အခဲများကြောင့် တရုတ်ကုမ္ပဏီများထံ အခင်းများ ငှားရမ်းလိုက်သော်လည်း ၎င်းတို့နှင့် ဒေသခံများအကြား မြစ်၊ချောင်းနှင့် မြစ်ချောင်းအတွင်းတွင်ရှိသော ရေနေသတ္တဝါများ မထိခိုက်၊မပျက်စီးရန် ထိန်းသိမ်းစောင့်ရှောက်ပေးရေး ဟူသည့် ကတိကဝတ်ပြုစာချုပ်များ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။

ထို့အပြင် တရုတ်ကုမ္ပဏီဘက်မှလည်း ရေနေသတ္တဝါများ မထိခိုက်မပျက်စီးရန် ငါးမျိုးစိတ်များကိုလည်း ပြန်လည် ထည့်သွင်းပေးမည်ဟု ဆိုကာ ဒေသခံများကို ပြောဆိုထားခဲ့သောလည်း လက်တွေ့တွင် ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံဦး ဆိုင်းလီက ပြောသည်။

“ရွာမှာရှိတဲ့ တောတောင်တွေ၊ ချောင်းတွေ၊ ချောင်းကငါးတွေ မပျက်စီးအောင် အဲ့ဒါမျိုးတွေ ပါတဲ့ စာချုပ်ကို တရုတ်တွေနဲ့ ချုပ်ခဲ့တယ်။ သူတို့က ကတိပေးတယ်။ ချောင်းမှာတောင် ငါးမျိုးစိတ်တွေ ပြန်လွှတ်ထည့်ပေးမယ်လို့၊ ဒါပေမဲ့ ဒီနေ့ထိ ဘာမှ အလုပ်ပေးဘူး”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြစ်ချောင်းအနီးတွင်ရှိသော တရုတ်ငှက်ပျောကုမ္ပဏီမှ တာဝန်ယူကြီးကြပ်စေလိုကြောင်း ဒေသခံဦးဆိုင်းလီက ဆက်လက်ပြောသည်။

“ရေချောင်းအနီးတွေမှာရော ငှက်ပျောခြံမှာသုံးတဲ့ မြေသြဇာတွေ၊ ဆေးဘူးတွေဒီအတိုင်း ပစ်ထားတာတွေတွေ့တယ်။ ဒါကြောင့်မို့ တရုတ်ငှက်ပျောခြံအနေနဲ့ရော  တာဝန်ယူပေးစေချင်ပါတယ်”ဟု ဦးဆိုင်းလီမှ ပြောသည်။

တရုတ်ငှက်ပျောကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့လုပ်တာ မဟုတ်ဘူး။ ဘယ်သူ လာလုပ်သွားတယ်ဆိုတာလည်း မသိဘူး။ တရုတ်ငှက်ပျောခြံကြောင့်ဆိုရင် မြေသြဇာဆေးထည့်တဲ့လူကို ရှာပြီးသက်သေယူခဲ့ ကျွန်တော်တို့ဘက်ကလူတွေ ထည့်တာ သက်သေပြနိုင်ရင်တော့ တာဝန် ယူပေးနိုင်တယ်”ဟု တရုတ်အမျိုးသားက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ နယ်မြေကွင်းဆင်းလေ့လာမှု မပြုလုပ်ရသေးကြောင်းနှင့်  ယခင်နှစ်များတွင် ငါးရှော့ခ်တိုက်၍ ငါးသေဆုံးသည့် ဖြစ်ရပ်များ ရှိခဲ့သောကြောင့် အတိအကျ ပြောဆိုနိုင်ခြင်း မရှိကြောင်း အောင်မြေ(၂)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဘောက်က မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

“ကျွန်တော်တော့ သတင်းကြားတာ နှစ်ရက်လောက်တော့ ရှိပြီ။ ကိုယ်တိုင်တော့ သွားမကြည့်ရသေးဘူး။ နောက်ကျရင်တော့ ကာကွယ်တားဆီးမှုတွေလုပ်ရမှာပေါ့”ဟု ၎င်းက ပြောသည်။

ယင်း နန့်မြစ်ခချောင်းသည် အောင်မြေ(၁)ကျေးရွာ၊ အောင်မြေ(၂)ကျေးရွာ နှင့် ရွှေညောင်ပင်ကျေးရွာမှ ရွာသူရွာသားများ အဓိကအားထားရသော တောင်ကျချောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

အောင်မြေ (၂)ကျေးရွာတွင် တရုတ်ငှက်ပျောခြံသည် ယခင်နှစ်မှစပြီး ဝင်ရောက် လုပ်ကိုင်လျက်ရှိပြီးငှက်ပျောစိုက်ခင်း ဧက ၂၀၀ ခန့် ရှိကြောင်းလည်း သိရသည်။

Ah Je/ Ann

LEAVE A REPLY

Please enter your comment!
Please enter your name here